တောင်ကြီး   ဇွန်    ၁၀

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ တာဝန်ရှိသူများနှင့်   အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အဖွင့်အမှာစကားပြောကြားကြပြီး  ပြိုင်ပွဲကို ဖွင့်လှစ်ပေးရာ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်လေးချက် ရွတ်ဆိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာ တပ်ဖွဲ့၊ ကိန္နရီကိန္နရာ၊ တိုးနရားအဖွဲ့၊ ပညာရေးဒီဂရီကောလိပ်အဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ပြီး အမျိုးသားပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့  ယှဉ်ပြိုင်ကစားနေမှုကို   ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)