ဒေါက်တာဇေယျာဝင်း

ကျန်းမာရေးဆိုသည်မှာ ရောဂါမရှိခြင်းသာမက ကိုယ်ကျန်းမာခြင်း၊ စိတ်ကျန်းမာခြင်းနှင့် လူမှုဆက်ဆံရေးကောင်းမွန်ခြင်းတို့ အပြည့်အဝရရှိနေခြင်းကို ဆိုလိုပါသည်။ ကျန်းမာရေးကောင်းမွန်ခြင်းသည် ပညာသင်ကြားနိုင်စွမ်း၊ အလုပ်လုပ်နိုင်စွမ်းတို့ကို မြှင့်တင်ပေးပါသည်။ ကျန်းမာရေးကောင်းမွန်သော လူမှုအသိုင်းအဝိုင်းတစ်ခုသည် လူမှုရေးတည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကိုလည်း အထောက်အကူပြုပါသည်။ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်ဖြစ်ကာ ကျန်းမာရေးကောင်းမွန်မှုသည် မိသားစုကြီးပွားချမ်းသာရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအထိ အရေးကြီးသော အခြေခံအုတ်မြစ်ပင်ဖြစ်ပါသည်။

ရေဒီယို အမှတ်တရ

လွန်ခဲ့သော ၁၉၈၀ ပြည့်လွန်နှစ်များက မြန်မာ့လူ့အဖွဲ့အစည်း၏ လူနေမှုဘဝပုံစံသည် ယနေ့ ခေတ်ကဲ့သို့ လျင်မြန်ဆန်းပြားခြင်း မရှိသေးဘဲ ရိုးရှင်းအေးချမ်းလှပါသည်။ ထိုခေတ်အခါက လူထု၏ နေ့စဉ်ဘဝကို လွှမ်းမိုးမွမ်းမံပေးနိုင်သော အဓိက မီဒီယာမှာ မြန်မာ့အသံမှထုတ်လွှင့်ခဲ့သော လေထဲမှ အသံလှိုင်းများကို ဖမ်းယူနားဆင်နိုင်သည့် အိမ်တိုင်းစေ့နီးပါးတွင်ရှိကြသော ရေဒီယိုများပင် ဖြစ်ပါသည်။ နေ့လယ်နေ့ခင်းအချိန်များမှာ မြန်မာ့အသံရေဒီယိုလေလှိုင်းမှတစ်ဆင့် ပျံ့လွင့်ခဲ့သော “အဓိကမျှော်တွေး ကျန်းမာရေး” ဆိုသည့် သီချင်း တစ်ပုဒ်ရှိခဲ့ပါသည်။

ထိုတေးသီချင်းစာသားများမှာ “ အာရောဂျံ၊ ပရမံ၊ လာဘံ…ဆိုစကား.. ဒို့များသိထားကြပါသည်… လုပ်အားကိုယ်စီ.. တူညီပေးဖို့ ဒို့များ ကိုယ်စီ.. ကျန်းမာဖို့လိုသည်…ကျန်းမာမှ အလုပ်လုပ်နိုင်မည်… အဖိုးမဖြတ်နိုင်ပါသည်.. စိတ်မှာတွေး.. ကျန်းမာရေးသည်..အဓိကအရေးဖြစ်သည်.. ဒို့ယုံကြည်…” စသည်ဖြင့် သိန်းတန်(မြန်မာပြည်)၏ တေးသံစဉ်တွင် ရန်ကင်းအောင်မြင့်သန်း စာသား သီကုံးထားပြီး အဆိုတော် သန်းသန်းနွယ် သီဆိုထားသော ယင်းသီချင်းမှာ ရိုးရှင်းခေတ်မီကာ လူတိုင်း ပါးစပ်ဖျားတွင် စွဲစေပါသည်။

ယင်းသည် ရိုးရှင်းသော အတိတ်ခေတ်တစ်ခု၏ ပြည်သူ့ကျန်းမာရေးလှုံ့ဆော်မှု သက်သက်မျှသာ မဟုတ်ခဲ့ချေ။ ကျန်းမာသောကလေးများမှ ကျန်းမာသော အလုပ်လုပ်နိုင်သူများဖြစ်လာကြပြီး နိုင်ငံ အတွက်နှင့် မိမိကိုယ်တိုင်အတွက် တိုးတက်ကြီးပွားကြောင်းများ လုပ်ဆောင်နိုင်ကြမည်ဖြစ်ကာ အရွယ် သုံးပါးစလုံး ကျန်းမာသော လူ့အဖွဲ့အစည်းသည်လည်း တိုင်းပြည်၏ အင်အားပင်ဖြစ်လာပေလိမ့်မည်။ ထို့နည်းတူ ဆောင်းရာသီတွင် နံနက်ချိန်ခါ လမ်းလျှောက်ခြင်းသည် ကောင်းမွန်ကြောင်းကို မြန်မာ့အသံ၏ ထုတ်လွှင့်မှုအား ရေဒီယိုမှတစ်ဆင့် “စောစောအိပ်လို့ စောစောထလို့ စောစော လမ်းလျှောက်ကြပါစို့” သီချင်းဖြင့် လှုံ့ဆော်ခဲ့သည်မှာ ထိရောက်လှကြောင်း ထိုသီချင်းကြားဖူးသူများ အသိပင်။

သောတရှင် ပရိသတ်များကလည်း လိုက်နာ လုပ်ဆောင်ခဲ့ကြသည်။ ထို့ပြင် ထိုခေတ်နာမည်ကျော် အဆိုကျော်တစ်ဦး(နာမည်မမှတ်မိ၊ အမျိုးသမီး အဆိုကျော်ဖြစ်သော်လည်း အသံက အမျိုးသားအသံ ဩဩလေးနှင့် ဆိုတတ်သူ) သီဆိုထားသော “အသဲအူလှိုက်မှာ အမြဲရှူရှိုက်ပါ..လမ်းလျှောက်ကြကုန်.. ကျန်းမာရေးအလေးထား အားကစားစရာတွေ စုံ၊စုံ၊စုံ…အားအင်ဖွံ့ဖြိုး အလှတိုးအောင်.. ကြိုးကလေးများ ခုန်၊ ခုန်၊ ခုန်…”စသည်ဖြင့် သီချင်း တစ်ပုဒ်ရှိသေးသည်။ အဆိုကလည်း ကောင်း သီချင်း စာသားအတိုင်းလည်း ဖြစ်ချင်ကြတော့ အဲဒီခေတ်က မိန်းကလေးများ ကြိုးခုန်လိုက်ကြသည်မှာ ကြိုးခုန်ကြိုးရောင်းသူများ အတော်ရောင်းကောင်းကြကြောင်းလည်း ကြားဖူးပါသည်။

အခြေခံအုတ်မြစ်

လူတစ်ဦးချင်းစီ သက်ရှည်ကျန်းမာနေခြင်းက မိသားစုနှင့် လူ့အဖွဲ့အစည်းအတွက် ဆေးဝါး ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများကို လျော့ကျစေရုံ သာမက နိုင်ငံတော်အတွက် အားကိုးရသည့် ကုန်ထုတ်လုပ်မှုစွမ်းအားကို စဉ်ဆက်မပြတ် မြှင့်တင်ပေးနိုင်ပါသည်။ ကျန်းမာကြံ့ခိုင်သော လုပ်သားထုကြီးရှိမှသာ စိုက်ပျိုးရေး၊ စက်မှုလက်မှုနှင့် နည်းပညာကဏ္ဍများကို အရှိန်အဟုန်ဖြင့် တိုးချဲ့ နိုင်မည်ဖြစ်သည်။

သက်ရှည်ကျန်းမာရေးနှင့်ပတ်သက်၍ “ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်” ဆိုသည့် အတိုင်း ရောဂါဖြစ်ပြီးမှ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းသည် ပိုမိုထိရောက်ပြီး ကုန်ကျစရိတ် လည်း သက်သာသည်။ ကျန်းမာရေးကောင်းမွန် စေရန် အခြေခံအချက်များမှာ အာဟာရပြည့်ဝပြီး မျှတသောအစားအစာ စားသုံးခြင်း၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ ပိုမိုစားသုံးခြင်း၊ အဆီ၊ ဆားနှင့် သကြားလွန်ကဲမှု လျှော့ချခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ခြင်း၊ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးများ ရှောင်ကြဉ်ခြင်း၊ ကာကွယ် ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခြင်းတို့ဖြစ်သည်။

သို့ဖြစ်ရာ ကျန်းမာရေးပညာပေးလုပ်ငန်းများသည်လည်း အလွန်အရေးကြီးသည်။ လူထုအနေဖြင့် ရောဂါများ၏ အန္တရာယ်၊ ကာကွယ်နည်းနှင့် ကျန်းမာသောနေထိုင်မှုပုံစံများကို သိရှိနားလည် လာပါက ရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်မည်ဖြစ်သည်။ ရောဂါဝေဒနာခံစားရပြီးမှ ဆေးရုံတက် ကုသခြင်းထက် တစ်ဦးချင်းစီ၏ အခြေခံကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကာကွယ် ဆေးထိုးနှံခြင်းတို့ကို အဓိကထားခြင်းဖြင့် နိုင်ငံတော် တစ်ခုလုံး၏ လူသားအရင်းအမြစ် ပျက်စီး ဆုံးရှုံးမှုကို အနိမ့်ဆုံးအဆင့်သို့ လျှော့ချပေးနိုင်သည်။

မမြင်ရသောစစ်ပွဲ

သမိုင်းကြောင်းကို ပြန်ကြည့်လျှင် လူသားမျိုးနွယ်စုများသည် နိုင်ငံရေးစစ်ပွဲများ၊ လက်နက် ကိုင်ပဋိပက္ခများထက် မမြင်ရသော ရန်သူဖြစ်သည့် ‘ရောဂါပိုးမွှားများ’နှင့် ပိုမိုပြင်းထန်စွာ တိုက်ခိုက် ခဲ့ရသည်ကို တွေ့ရမည်ဖြစ်သည်။ ကမ္ဘာ့သမိုင်းတွင် ရောဂါဘယကြောင့် နိုင်ငံများနှင့် အင်ပါယာကြီး များ ထိခိုက်ပြိုလဲခဲ့ရသည့် သာဓကများစွာ ရှိခဲ့ဖူးပါသည်။

ဥပမာအားဖြင့် အေဒီ ၆ ရာစုက ဂျက်စတီး နီးယန်းပလိပ်ရောဂါ (Plague of Justinian) ကြောင့် ဘိုင်ဇန်တိုင်းအင်ပါယာ (Byzantine Empire) ၏ စစ်အင်အားနှင့် လူဦးရေ ထက်ဝက်နီးပါး ဆုံးရှုံးခဲ့ ရပြီး အင်ပါယာကြီးပြိုကွဲမှုကို မြန်ဆန်စေခဲ့သည်။ ထို့အတူ ၁၄ ရာစုအတွင်း ဥရောပလူဦးရေ၏ သုံးပုံတစ်ပုံကျော်ကို သေကျေပျက်စီးစေခဲ့သော ပလိပ်ကပ်ရောဂါ (Black Death)ကြောင့် ထိုခေတ် က ခိုင်မာလှပါသည်ဆိုသော မြေရှင်ပဒေသရာဇ် စနစ်ကြီးတစ်ခုလုံး အခြေခံမှစ၍ ပျက်စီးပြောင်းလဲ သွားခဲ့ရသည်။ ခေတ်သစ်သမိုင်းတွင်လည်း ၁၉၁၈ ခုနှစ် စပိန်တုပ်ကွေး (Spanish Flu) ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် လူဦးရေသန်း ၅၀ ကျော် သေဆုံးခဲ့ရပြီး ပထမကမ္ဘာစစ်အပြီး နိုင်ငံအသီးသီး၏ စီးပွားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နှစ်ပေါင်းများစွာ နောက်ကျဆွဲဆန့်ပစ်ခဲ့သည်။

ယင်းသမိုင်းသင်ခန်းစာများသည် အတိတ်ခေတ်တွင်သာမက နည်းပညာထွန်းကားသော ယနေ့ ခေတ်တွင်လည်း ဆက်လက်သက်ရောက်နေဆဲဖြစ်သည်။ မကြာသေးမီက ကြုံတွေ့ခဲ့ရသော ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်တွင် အဆင့်မြင့် စစ်လက်နက်များနှင့် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားသည့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် အီတလီကဲ့သို့သော ဖွံ့ဖြိုးပြီး နိုင်ငံကြီး များ၌ပင် ကျန်းမာရေးကဏ္ဍ အခြေခံအဆောက်အအုံ မလုံလောက်မှုကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကူးစက်မှုကို ထိန်းချုပ်ရန် ကုန်ထုတ်လုပ်မှုနှင့် လေကြောင်းလိုင်းအချို့ကို ယာယီရပ်ဆိုင်းကာ Lockdown ချမှတ်ခဲ့ရပြီး လူမှု-စီးပွား ယန္တရားများအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။ ယင်းဖြစ်ရပ်များက သက်သေပြနေသည်မှာ နိုင်ငံတော်လုံခြုံရေး (National Security) သည် စစ်ရေးအင်အား တစ်ခုတည်းအပေါ်တွင် တည်မှီနေခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ ပြည်သူ့ ကျန်းမာရေးစနစ်ခိုင်မာမှုနှင့် ပြည်သူလူထု၏ ကျန်းမာရေးအသိဉာဏ်အပေါ်၌လည်း မူတည်သည် ဟူသော အချက်ပင်ဖြစ်သည်။

မြင်ကွင်းကျယ်ကျန်းမာရေး

ခေတ်သစ်ကမ္ဘာကြီးတွင် ကျန်းမာရေးပြဿနာများသည် သာမန်ရောဂါဘယကိစ္စရပ်များထက် ပိုမိုကျယ်ပြန့်လာခဲ့သည်။ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ အစားအစာ ဘေးကင်းလုံခြုံမှုမရှိခြင်းနှင့် လူဦးရေသိပ်သည်းမှုများကြောင့် ကျန်းမာရေးစိန်ခေါ်မှုများသည် ပထဝီ နိုင်ငံရေး၊ လူမှု-စီးပွားရေးတို့နှင့် ဒွန်တွဲနေသည့် “ကျန်းမာရေးမြင်ကွင်းကျယ်” (Health Panorama) ဖြစ်လာခဲ့သည်။

အစိုးရသစ်၏ လုပ်ငန်းစဉ်များ

နိုင်ငံတော်အစိုးရသစ်အနေဖြင့် တိုင်းပြည် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးမှာ လူ့စွမ်းအားအရင်းအမြစ်များပေါ်တွင်သာ မူတည် ကြောင်း ကောင်းစွာသိမြင်သည့်အလျောက် ပညာ ရေး၊ ကျန်းမာရေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အာရုံစိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ အထူးအားဖြင့် ပြည်သူအားလုံး လက်လှမ်းမီစေမည့် ကျန်းမာ ရေးစောင့်ရှောက်မှု (Universal Health Coverage)တိုးချဲ့ဆောင်ရွက်နိုင်ရန် ငွေကြေးဓနမပြည့်စုံသူများ ပါမကျန် ပြည်သူတိုင်း အခြေခံကျန်းမာရေးစောင့် ရှောက်မှုကို အခမဲ့ သို့မဟုတ် သက်သာသောစရိတ်ဖြင့် တန်းတူညီမျှ လက်လှမ်းမီနိုင်ရန် တိုးချဲ့ လုပ်ဆောင်ခြင်း၊ ကျန်းမာရေး အသိပညာမြှင့်တင်ခြင်းနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင်ခြင်း၊ ကူးစက်တတ်သော ရောဂါများသာမက သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါကဲ့သို့ လူနေမှုစနစ်ကြောင့်ဖြစ်သော မကူးစက်တတ်သည့် ရောဂါများကို ကြိုတင်ကာကွယ်နိုင်မည့် ကျန်းမာ ရေးအသိပညာများကို ဒီဂျစ်တယ်မီဒီယာများမှ တစ်ဆင့် ထိရောက်စွာ မျှဝေခြင်း၊ မှန်ကန်သော သတင်းအချက်အလက်ကို အခြေခံကာ ယခုလို ဒီဂျစ်တယ်မီဒီယာခေတ်တွင် ပျံ့နှံ့နေသော ကျန်းမာ ရေးဆိုင်ရာ သတင်းမှားများကို တွန်းလှန်ပြီး သိပ္ပံနည်းကျ ခိုင်လုံသော ဆေးဘက်ဆိုင်ရာ အချက် အလက်အမှန်များကို အများပြည်သူသိရှိစေရန် မျှဝေပေးခြင်း စသည်တို့ကို အရှိန်အဟုန်မြှင့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။

အချုပ်ဆိုရပါမူ ကျန်းမာရေးဟူသည် ကျန်းမာ ရေးဝန်ထမ်းများနှင့် အစိုးရများကသာ ဖန်တီးရမည့် အရာမဟုတ်ဘဲ ပြည်သူတစ်ဦးချင်းစီက မိမိတို့၏ အိမ်ထောင်စု၊ မိမိတို့၏ ရပ်ရွာမှစ၍ တာဝန်ယူရ မည့် “လူထုဗဟိုပြုစနစ်”ပင်ဖြစ်ပါသည်။ အတိတ်ခေတ်၏ ကောင်းမွန်သော “အပြန်အလှန်ဖေးမကူညီမှု” စိတ်ဓာတ်ကို အရင်းတည်ကာ ခေတ်မီဆန်းသစ် သော ဆေးဝါးနည်းပညာများနှင့် ပေါင်းစပ်ပြီး ပြည်သူတစ်ရပ်လုံး သက်ရှည်ကျန်းမာစေရန် စနစ်တကျ အကောင်အထည်ဖော်ရမည် ဖြစ်ပါကြောင်း “အဓိကမျှော်တွေးကျန်းမာရေး” ဟူသည့် ခေတ်ဟောင်းရေဒီယို တေးတစ်ပုဒ်မှ ရရှိသည့် အတွေးစကို ဆန့်ထုတ်မိပါတော့သည်။