အန်ကာရာ ဇွန် ၁၀
တူကီယဲနိုင်ငံတွင် အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေးဆောင်ရွက်စဉ်အတွင်း တရားခံ ၄၇ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇွန် ၉ ရက်တွင် ပြောကြားသည်။
နိုင်ငံတောင်ပိုင်း အေဒါနာပြည်နယ်ကို ဗဟိုပြု၍ ပြည်နယ် ၂၃ ခုတွင် ဆောင်ရွက်သည့် စစ်ဆင်ရေးအတွင်း လိုင်ယာငွေ ငါးဘီလီယံအား သိမ်းဆည်းခဲ့ကြောင်း ဆိုရှယ်မီဒီယာ အိက်စ်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။
ဖမ်းဆီးရမိသူများတွင် တရားမဝင် လောင်းကစားဝက်ဘ်ဆိုက်များအား ဆက်သွယ်ရေးနည်းပညာဖြင့် ပံ့ပိုးသူများနှင့် ငွေကြေးလွှဲပြောင်းရာတွင် ကူညီဆောင်ရွက်သူများ ပါဝင်သည်။ သိမ်းဆည်းရမိသည့် ပစ္စည်းများတွင် ကုမ္ပဏီတစ်ခု၊ အိမ် ၂၃ လုံး၊ ကား ၂၉ စီး၊ မြေကွက် ၁၃ ကွက်၊ ဘဏ်အကောင့် ၄၇၄၂ ခုနှင့် ဒစ်ဂျစ်တယ်ငွေကြေးအကောင့် ခြောက်ခုတို့ပါဝင်သည်။ တူကီယဲနိုင်ငံသည် လောင်းကစားလုပ်ငန်းဆောင်ရွက်ခြင်းကို တားမြစ်ထားပြီး ၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်သည့် မှတ်တမ်းများအရ နိုင်ငံအတွင်းရှိ အရွယ်ရောက်ပြီးသူများ၏ ၁၀ ဒသမ ၁ ရာခိုင်နှုန်းသည် ဘဝတစ်သက်တာတွင် တစ်ကြိမ် လောင်းကစားဆောင်ရွက်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


