မြစ်ကြီးနား ဇွန် ၁၀

 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများသည် ယနေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် မြစ်ရေကြီးမြင့်မှုမှ ကာကွယ်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်း စစ်ဆေး‌သည်။

 

ကြည့်ရှုစစ်ဆေး

 

ဦးစွာ မြို့တော်ခန်းမဝင်းအတွင်း ကားပါကင်နှင့် မြေယာအလှပြုပြင် ဆောင်ရွက်သွားမည့်အ‌ခြေအနေ၊ စီတာပူရပ်ကွက်အတွင်း အင်ဂျန်းခချောင်း‌ဝ၌ ရေထိန်းတံခါးသုံးခု တည်ဆောက်ပြီးစီးမှုနှင့် အဆိုပါ ရေထိန်းတံခါးမှ လောကမာန်အောင်စေတီတော်အထိ ကျောက်စီရေထိန်းနံရံ အရှည်ပေ ၅၀၀ တည်ဆောက် ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အအုံ သစ်ဖောင်ဒေးရှင်း တည်ဆောက်ပြီးစီးမှုနှင့် မြေညီထပ် တိုင်ထူသဲဖြည့်ခြင်းနှင့် Beam ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံး အတွင်းရှိ မနောရွှေပြည်ခန်းမ၌ မြို့ပေါ်ရပ်ကွက်များမှ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများနှင့် ခရစ်ယာန် အသင်းတော် ဘုရားကျောင်းဝင်းများအတွင်းရှိ ဝိုင်းမော်မြို့နယ်၊ ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ် တို့မှ ယာယီခိုလှုံနေထိုင်လျက်ရှိသော ယာယီ တိမ်းရှောင်စခန်း ခုနစ်ခုရှိ အိမ်ထောင်စု ၃၂၈ စုတို့ အတွက် ဆန် ၂၄ ပြည်ပါအိတ် ၃၂၈ အိတ်နှင့် ဆီ ၃၂၈ ပိဿာကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)