နေပြည်တော် ဇွန် ၁၀

 

အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ထန်တလန်မြို့၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား သာလွန်အင်အားဖြင့် အလစ်အငိုက်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ပြီး ဌာနဆိုင်ရာအဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ကာ ထန်တလန်မြို့အား ယာယီစိုးမိုးထိန်းချုပ်ခဲ့သည်။ 

 

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter– Terrorism Operation) ကို ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားခဲ့သည့် ထန်တလန်မြို့အား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် တပ်မတော်စစ်ကြောင်းများက အောင်မြင်စွာထိန်းချုပ်ထားနိုင်ခဲ့သည်။

 

ထိုသို့ပြန်လည်ထိန်းချုပ်ပြီး တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့ရွာများအား ပြန်လည်တိုက်ခိုက်ထိန်းချုပ်ကာ ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်၍ ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို မော်တော်ယာဉ်များဖြင့် အင်တိုက်အားတိုက် ပို့ဆောင်ပေးလျက်ရှိသည်။

 

ထို့အတူ ထန်တလန်ဒေသ ပြန်လည် ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်ရန် အဓိက ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းဖြစ်သည့် ဟားခါး-ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး အဆိုပါလမ်းကြောင်းတစ်လျှောက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဇွန် ၄ ရက်မှ စ၍ ကန့်သတ်ချက်များကြားမှ ခက်ခက်ခဲခဲဖြင့် နယ်မြေရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ပွိုင့် ၁၉၂၁ တောင်ကုန်းအား ဇွန် ၆ ရက်တွင် လည်းကောင်း၊ ပွိုင့် ၂၀၆၉ တောင်ကုန်းအား ဇွန် ၇ ရက်တွင် လည်းကောင်း၊ တာဝါတိုင်ကုန်းစခန်းအား ဇွန် ၈ ရက်တွင်လည်းကောင်း အဆင့်ဆင့် သိမ်းပိုက်ခဲ့ပြီး ဇွန် ၉ ရက် ညနေပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော ဟားခါး-ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများအနေဖြင့် ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကာ ဒေသတွင်း ကုန်စည်ပို့ဆောင်မှုများတွင် အခက်အခဲမရှိ ပြန်လည်အသုံးပြု သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်