ဒေးဒရဲ ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တွင် မှုခင်းအသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ကရဝိက်ခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး သန်းဦးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးကျော်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဒေးဒရဲမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်မြင့်ခိုင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ မှုခင်းများနှင့် သတိပြုရှောင်ကျဉ်ရမည့် အချက်များ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဖေသက်ခိုင်က လူကုန်ကူးမှုဖြစ်စဉ်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ အမှတ်(၈၀) ယာဉ်ထိန်းတပ်ဖွဲ့စု တပ်ကြပ်ကြီး ကိုကိုဇော်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ မှုခင်းအသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း


