ကာလိ ဇွန် ၁၁

 

ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ခိုလမ်မြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံမှဆေးရုံအုပ် ဒေါက်တာ ဝေဝေမွန် ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ကာလိမြို့အတွင်းရှိ ပြည်သူများအား အခမဲ့စမ်းသပ် စစ်ဆေးကုသပေးသည်။

 

ခွဲစိတ်ရောဂါအထူးကု၊ သားဖွားနှင့် မီးယပ်အထူးကု၊ အထူးကု(ဓာတ်မှန်)၊ အထွေထွေရောဂါ ဆရာဝန်နှင့် ကျွမ်းကျင်ဆေးအဖွဲ့ဝင်များ ပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် ဇွန် ၁၀ ရက်က ကာလိမြို့အတွင်းရှိ ဝေဒနာရှင် တိုင်းရင်းသားပြည်သူများအား ရောဂါရှာဖွေ စမ်းသပ်စစ်ဆေး၍ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ကွန်ဟိန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကာလိမြို့ အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်သူနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအသင်းများနှင့် ကာလိတိုက်နယ် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ခွဲစိတ်လူနာ ၄၆ ဦး၊ သားဖွားမီးယပ်လူနာ ၂၀၊ Ultrasound လူနာ ၅၈ ဦးနှင့် အထွေထွေရောဂါလူနာ ၁၁၀ စုစုပေါင်း လူနာ ၂၃၄ ဦးတို့ကို အခမဲ့ ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)