တာမွေ ဇွန် ၁၁

 

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက တာမွေမြို့နယ် ကျိုက္ကဆံလမ်း မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးဉာဏ်ထက်ခိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းတို့က အမှာစကားပြောကြားပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးဝင်းမြတ်ကိုက ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် ကာလအပိုင်းအခြား၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် ဆက်သွယ်ရန်ဖုန်းနံပါတ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဟောပြောခဲ့ကြောင်း သိရသည်။  

နိုင်လင်းအောင်(တာမွေ)