ကမ္ဘာ့အဆင့်(၆) ရှိ အမေရိကန်ထိပ်တန်းတင်းနစ်မယ် အမန်ဒါအနီ ဆီမိုဗာသည် HSBC Championships တင်းနစ်ပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် ဂျာမနီတင်းနစ်မယ် လော်ရာဆေဂီမွန်ဒ်ကို ၆-၁၊ ၇-၃ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
လော်ရာသည် ၃၂ ဦးအဆင့်တွင် ဗြိတိန်တင်းနစ်မယ် ဖရန်ဆီကာဂျုန်းစ် ကို ၆-၂၊ ၆-၃ ရလဒ်ဖြင့် အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သော်လည်း ၁၆ ဦး အဆင့်တွင် အနီဆီမိုဗာကို ရှုံးနိမ့်ခဲ့သည့်အတွက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သည်။ အနီဆီမိုဗာသည် မေလအတွင်း ယှဉ်ပြိုင်ခဲ့သည့် ပြင်သစ် အိုးပင်းပြိုင်ပွဲတွင် တတိယအဆင့်အထိသာ တက်လှမ်းနိုင်ခဲ့သည်။
၎င်းသည် ယခုပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် တစ်နိုင်ငံတည်းသူ အီဗာယိုဗစ်ချ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယိုဗစ်ချ်သည် ၁၆ ဦးအဆင့်တွင် နာမည်ကျော်ဖိလစ်ပိုင်တင်းနစ်မယ် အယ်လာကို ၆-၂၊ ၆-၂ ရလဒ်ဖြင့် အနိုင်ယူကျော်ဖြတ်ကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းလာသူဖြစ်သည်။
HSBC Championships တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်(၂)ရှိ ကာဇက်စတန်တင်းနစ်မယ် အီလန်နာ ရွိုင်ဘာကီနာအပါအဝင် ဗြိတိန်နံပါတ်တစ်တင်းနစ်မယ် အမ်မာရာဒူကာနူ၊ ဆွစ်ဇာလန် နာမည်ကြီးတင်းနစ်မယ် ဘင်းဆစ်၊ ရိုမေးနီးယားထိပ်တန်းတင်းနစ်မယ် ဆိုရာနာ ဆာစီတီယာတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။
ကွာတားဖိုင်နယ်တွင် ဆာစီတီယာနှင့် ရာဒူကာနူ၊ ဒတ်သ်နှင့် ရာခီမိုဗာ၊ ရွိုင်ဘာကီနာနှင့် မာရီယာ၊ ခရစ္စတီယန်နှင့် ဘော်လ်တာ၊ ယိုဗစ်ချ်နှင့် အနီဆီမိုဗာတို့ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အောင်ဇော်


