နေပြည်တော် ဇွန် ၁၅

 

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်၊ ကုန်စည်စီးဆင်းမှုကို ရပ်တန့်စေရန်၊ ခရီးသွားပြည်သူများ ထိခိုက်အန္တရာယ်ဖြစ်စေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်စေရန် ရည်ရွယ်ကာ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသော လမ်းမကြီးများ၊ ရထားလမ်းများအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်းများကို အသိတရားမဲ့စွာ ပြုလုပ်လျက်ရှိသည်။

 

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန် ၁၃ ရက်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နှင့် ကံမမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းမကြီးတစ်လျှောက်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ကတ္တရာလမ်းအား ကျင်းတူးပြီး ဆီပီပါခွံများဖြင့် ကားမိုင်းအဖြစ်ပြုလုပ်ကာ မိုင်းထောင်ပိတ်ဆို့ထားရှိပြီး ခရီးသွားပြည်သူများအား တောလမ်းများကို ရှောင်ကွင်းလမ်းအဖြစ် အသုံးပြုစေကာ ဂိတ်ဖွင့်၍ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများဆောင်ရွက်ပြီး အဆိုပါကားလမ်းမကြီးတစ်လျှောက် မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ကံမမြို့နယ် ညောင်ဂျစ်ပင်ရွာအနီး ကားလမ်းဘေး ဝဲ/ ယာဘက်များ၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ထောင်ထားသည့် ဆီပီပါဖြင့် ပြုလုပ်ထားသော ကားမိုင်းကြီး ၁၅ လုံး၊ လက်လုပ်နင်းမိုင်း ရှစ်လုံး၊ လက်လုပ်မြေမြှုပ်မိုင်း ၁၀ လုံးကို လည်းကောင်း၊ ဇွန် ၁၄ ရက်တွင် ကားမိုင်းကြီး ရှစ်လုံး၊ ကွန်ကရစ်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်း သုံးလုံး၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း နှစ်လုံးကိုလည်းကောင်း စုစုပေါင်း လက်လုပ်မိုင်းမျိုးစုံ ၄၆ လုံးတို့ကို တွေ့ရှိခဲ့ပြီး အဆိုပါမိုင်းများအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ်ကာ စနစ်တကျ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ ကြောင်း သိရသည်။

 

ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများ၊ ရထားလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်