ရတနာ၊ နန္ဒာ
ပြီးခဲ့တဲ့လက မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ၊ မြန်မာပြည်သူတွေနဲ့ တရုတ်နိုင်ငံ ဟေလုံကျန်းပြည်နယ်က ပြည်သူတွေ ထိစပ်မှုရှိစေဖို့ ရည်ရွယ်ချက်နဲ့ မီဒီယာလေ့လာရေးခရီးစဉ်တစ်ခုမှာ လိုက်ပါခွင့် ရခဲ့ပါတယ်။ နာမည်ကျော် အေးမြတဲ့ ဒေသဟာဘင်းမြို့ကိုပါ။ လေ့လာရေး ခရီးစဉ်တစ်လျှောက် နာမည်ကျော်အထင် ကရနေရာတွေထက် စိတ်ထဲကို မှတ်မှတ်ထင်ထင်ဝင်ရောက်ခဲ့တဲ့ နေရာ လေးတစ်ခုကို စာဖတ်သူတွေဆီ မျှဝေလိုပါတယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုတာ လမ်းတံတား၊ အဆောက်အအုံတွေချည်း မဟုတ်ဘူးဆိုတာကို သက်သေပြရာ နေရာ၊ နာမည်ကြီးနေရာမဟုတ်ဘဲ ရပ်ကွက်တစ်ခုသာဖြစ်ပါတယ်။ အိုင်ကျန်း ရပ်ကွက်ဖြစ်ပါတယ်။ အဲဒီနေရာမှာ မြင်တွေ့ရတာတွေက အတော်လေး အံ့အားသင့်စေတယ်။
အဲဒီနေရာမှာ လမ်းတွေက သန့်ရှင်းတယ်၊ သစ်ပင်တွေရှိတယ်၊ အမှိုက်ပုံးတွေကို စနစ်တကျ ထားရှိထားတယ်၊ ကစားကွင်းငယ်လေးတစ်ခုမှာ ကလေးတွေ ကစားနေတယ်၊ အနားကခုံမှာ အဘိုးအို တစ်ယောက် ထိုင်နေတယ်၊ ခွေးလေးနှစ်ကောင် ပျော်ရွှင်မြူးထူးစွာနဲ့ ခုန်ပေါက် ဆော့ကစားနေတာ မြင်ရတယ်။ အထပ်မြင့်အဆောက်အအုံတွေရဲ့ အောက်ထပ်မှာ ဈေးဆိုင်ခန်းအချို့နဲ့ အလှပြင်ဆိုင် အချို့ဖွင့်ထားတယ်၊ ဆေးဆိုင်ဖွင့်ထားတာကိုလည်း မြင်တွေ့ရတယ်၊ အဲဒီ ရပ်ကွက်ရဲ့အုပ်ချုပ်ရေးရုံးခန်းကို မီဒီယာလေ့လာရေးအဖွဲ့ ရောက်သွားခဲ့တယ်။
စင်တာက“ပြည်သူကို ဗဟိုပြုခြင်း” ဆိုတဲ့ အယူအဆကို လက်ကိုင်ထားတယ်လို့ တာဝန်ရှိသူက ရှင်းပြပါတယ်။ “လုံခြုံခြင်း၊ နေထိုင်ရန်သင့်လျော်ခြင်း၊ သဟဇာတဖြစ်ခြင်းနဲ့ ပျော်ရွှင်ခြင်း” တို့ ပြည့်စုံတဲ့ အိုင်ကျန်းရပ်ကွက် ဖြစ်လာစေဖို့ရည်ရွယ်တယ်လို့ သိရပါတယ်။ “စမတ်လူမှုအသိုက်အဝန်း” စနစ်ကို ဖော်ဆောင်ဖို့ အွန်လိုင်းနဲ့ အော့ဖ်လိုင်း ဝန်ဆောင်မှုတွေ ပေါင်းစပ်ပေးပြီး လူမှုအသိုက်အဝန်း ဝန်ဆောင်မှု၊ အုပ်ချုပ်ရေး ဝန်ဆောင်မှု၊ ပြည်သူ့ဝန်ဆောင်မှုနဲ့ စမတ်အိမ်ရာ ဝန်ဆောင်မှုတွေကို ပေးအပ်လျက်ရှိပါတယ်။
တန်းစီစရာမလိုတဲ့ ရုံးခန်း
ဟာဘင်းရဲ့ မိုးဦးကာလက မိုးရနံ့ လေနုအေး တိုက်ခတ်တာကြောင့် အနည်းငယ်တော့အေးပါတယ်။ အဲဒီ အချိန်မှာ အိုင်ကျန်း Community ရဲ့ ဝန်ဆောင်မှုစင်တာရှေ့ကိုရောက်တယ်။ လူတွေတန်းစီနေတာမျိုး မတွေ့ရဘူး။ စင်တာထဲမှာ ဧည့်ခန်းထားပေးထား တယ်။ နံရံပေါ်မှာတော့ ဝန်ဆောင်မှု အမျိုးအစားတွေ ရေးပြထားတဲ့ ဆိုင်းဘုတ်ကိုမြင်ရတယ်။ ရုံးကောင်တာ တွေက အတားအဆီးမဲ့ တည်ရှိနေသလို ကောင်တာတွေရဲ့ အနောက်က ဝန်ထမ်းတွေက ပြုံးချိုတဲ့မျက်နှာထားနဲ့ “မင်္ဂလာပါ၊ ဘယ်ဝန်ဆောင်မှု လိုချင်တာလဲ” လို့ နှုတ်ဆက်နေတာမြင်ရတယ်။ ဝင်ဝင်ချင်း ဆောင်ပုဒ်တစ်ခုကိုလည်း ဖတ်လိုက်မိတယ်။ “နွေးထွေးဂရုစိုက်သော ဝန်ဆောင်မှုနှင့် လက်တွဲညီသော ကတိကဝတ်” တဲ့။
အိုင်ကျန်းရပ်ကွက် (လူမှုအသိုက်အဝန်း) ပါတီနဲ့ ပြည်သူဝန်ဆောင်မှု စင်တာက ဟာဘင်းမြို့ တောက်လီခရိုင် မှာတည်ရှိပြီး အဆောက်အအုံဧရိယာ စတုရန်းမီတာ ၂၀၀၀ ခန့် ကျယ်ဝန်း ပါတယ်။ စင်တာအတွင်းမှာ တစ်နေရာ တည်းဝန်ဆောင်မှုခန်းမ၊ ခေတ်သစ်ယဉ်ကျေးမှု လက်တွေ့အကောင်အထည် ဖော်ရေးစခန်း၊ ပါတီသမိုင်းနှင့် ပါတီ တည်ဆောက်ရေးပြခန်း၊ ဘက်စုံသုံး အစည်းအဝေးခန်း၊ စာကြည့်ခန်း၊ အက ခန်း၊ စားပွဲတင်တင်းနစ်ခန်း စတဲ့နေရာ တွေပါဝင်ပြီး အစိုးရဝန်ဆောင်မှု၊ ပါတီဝန်ဆောင်မှု၊ ပြည်သူ့ဝန်ဆောင်မှုနဲ့ ယဉ်ကျေးမှုဝန်ဆောင်မှုတွေကို တစ်စု တစ်စည်း ဆောင်ရွက်ပေးနေတဲ့ ဝန်ဆောင်မှုစင်တာတစ်ခုလည်း ဖြစ်ပါတယ်။
ဒီစင်တာမှာ ဘာတွေလုပ်လို့ရသလဲဆိုတော့ လူမှုဖူလုံရေး အကူအညီ လျှောက်ထားရင် တစ်ပတ်အတွင်းရပါတယ်၊ ဆေးရုံမပြခင် ကျန်းမာရေးအာမခံ စာရင်းသွင်းနိုင်တယ်၊ အခြားဒေသက ရွှေ့ပြောင်းလာရင် နေထိုင်ခွင့်လက်မှတ် ထုတ်ယူနိုင်တယ်၊ အငြိမ်းစားယူပြီးသား အဘိုးအဘွားတွေ ထောက်ပံ့ကြေး လျှောက်ထားနိုင်တယ်၊ အထောက်အထားကတ်ပြားမျိုးပျောက်ရင်၊ အသစ် ထုတ်ချင်ရင် ဒီမှာ ညနေ ၆ နာရီအထိ လုပ်လို့ရတယ်။
“ညနေ ၆ နာရီကျော်ပြီဆိုရင်ရော”လို့ မေးကြည့်တဲ့အခါ တာဝန်ရှိသူက “ရုံးက မပိတ်ပါဘူး။ အွန်လိုင်းကနေ အချိန်မရွေး လျှောက်လို့ရတယ်။ ဒီမှာလည်း အရေးကြီးရင် အရေးကြီးသလို ဝန်ဆောင်မှုပေးတယ်” လို့ ဖြေပါတယ်။ “ရုံးကို လူသွားရမယ်” ဆိုတဲ့ အတွေးကိုကျော်လွန်ပြီး “ဝန်ဆောင်မှုက ပြည်သူဆီလာနေတယ်” ဆိုတဲ့ သဘောတရားကို လက်တွေ့ကျင့်သုံးနေတာကို မြင်ခဲ့ရပါတယ်။ အပေါ်က ဝန်ဆောင်မှုတွေအပြင် အိမ်ငှားတာ၊ ဝယ်တာ၊ ရောင်းတာ၊ လျှပ်စစ်မီတာ ဆောင်တာအပါအဝင် အခွန်အခပေးတာ၊ စီးပွားရေးလုပ်ငန်း လျှောက်ထားတာစတဲ့ အလုံးစုံဝန်ဆောင်မှုတွေကို One stop service နဲ့ ဆောင်ရွက်ပေးနေတယ်။
အေးအေးလူလူ ငြိမ်းချမ်းပျော်ရွှင်စွာ
စင်တာရဲ့အပေါ်ထပ်မှာ သက်ကြီးတွေအတွက် အပန်းဖြေစရာ နေရာအတော်များများကို သတိပြုမိတယ်။ မာကျောက်ကစားနေတဲ့ အဘိုးတွေ၊ ဖဲချပ်တွေကို လှလှပပချိုးပြီး အချင်းချင်း စနောက်နေတဲ့ အဘွားတို့အဖွဲ့တွေကို မြင်တော့ အံ့အားသင့်မိတယ်။ အသက် အရွယ်ရလာတာနဲ့အမျှ အထီးကျန်ခြင်း ကို ခံစားတတ်ကြတဲ့လူကြီးတွေအတွက် ဒီရပ်ကွက်ရုံး ကွန်မြူနတီစင်တာလေးက အတော်လေးအသုံးဝင်တာပဲ။
စင်တာက တာဝန်ရှိသူတွေ ရှင်းပြအပြီး စားပွဲတင်တင်းနစ်ကစားနေတဲ့ အဘိုးတစ်ဦးနဲ့ စကားစပ်မိတယ်။ သူက အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာဝမ်ပါ။ “ဒီမှာနေရတာ သိပ်ကိုအဆင်ပြေတယ်။ အိမ်မှာတစ်ခုခုအဆင်မပြေရင် နောက် တစ်နေ့မှာ ရပ်ကွက်တာဝန်ခံက ဖြေရှင်း ပေးတယ်” တဲ့။ သူက အဲဒီမှာနေတာ ၁၀ နှစ်ရှိပြီ။ “အရင်က ဒီနေရာက စက်ရုံ ဟောင်းလို့ပြောကြတယ်” လို့ သူကပြောတယ်။ သူပြောတဲ့ “စက်ရုံဟောင်း” ဆိုတာ နောက်မှသိရတာက ဟာဘင်း ကားစက်ရုံဟောင်းနေရာမှာ တည်ဆောက်ထားတာတဲ့။ စက်မှုဇုန်ဟောင်းကနေ ခေတ်မီလူနေရပ်ကွက်အဖြစ် ပြောင်းလဲလာတယ်။ ဒီနေရာဟာ သာမန် ရပ်ကွက်တစ်ခုတင် မဟုတ်ဘူး။ မြို့ရဲ့စက်မှုခေတ်ဟောင်းကနေ ခေတ်သစ်ဆီကို ကူးပြောင်းခဲ့တဲ့နမူနာတစ်ခုလည်း ဖြစ်တယ်။
စာကြည့်တိုက်ထဲက ဆူညံသံ
တာဝန်ရှိသူတွေက စာကြည့်တိုက်ကို လိုက်လံပြသတယ်။ သာမန်စာကြည့် တိုက်ပါပဲ။ မတူတာက အထဲမှာကလေး တွေရှိတယ်။ လေ့လာသူတွေလာမှာမလို့ ဟန်ပြနေကြတာမျိုးမဟုတ်ဘဲ သူတို့ အေးအေးလူလူ စာဖတ်နေကြတာ။ စာဖတ်ရင်း တစ်ယောက်နဲ့ တစ်ယောက်လည်း စစနောက်နောက် ရယ်ရယ်မောမော။ ပြီးတော့ စာဖတ်လိုက်၊ ကူးရေး လိုက်လုပ်နေတဲ့ ဆယ်ကျော်သက်တစ်ဦးကို တွေ့ရတယ်။ ကျောင်းရဲ့စာတမ်းအတွက် အချက်အလက်ကူးနေတာတဲ့။ မြင်လိုက်ရတာက စာကြည့်တိုက်မှာ စာအုပ်တွေချည်းမဟုတ်ဘူး။ လူတွေ စုဝေးတဲ့နေရာ၊ သင်ယူတဲ့နေရာ၊ ကလေးတွေ အတူတူချိန်းပြီး စားမြုံ့ပြန်တဲ့နေရာ လည်းဖြစ်တယ် ဆိုတာပါပဲ။
ပြီးတော့ နောက်ထပ်အခန်းတစ်ခုမှာ တရုတ်အမျိုးသမီးအဆိုတော်ရဲ့ သီချင်းသံကို အရင်ကြားရတယ်။ အဲဒီအခန်းထဲမှာ သက်ကြီးအမျိုးသမီးတွေ စုပေါင်း အကတိုက်နေကြတယ်။ ရှေ့မှာ နည်းပြလို့ယူဆရတဲ့ အမျိုးသမီးတစ်ဦးက တစ်ဦးချင်းကို လက်အနေအထား သင်ပေးနေတယ်။ “ဒီသင်တန်းတွေကို ဘယ်သူကလာသင်တာလဲ”လို့ မေးကြည့်တော့ အချို့ကကျောင်းတွေက ဆရာမ တွေလာသင်တာ၊ အချို့ကတော့ ဒီရပ်ကွက်ထဲကပဲ။ ပရဟိတအနေနဲ့ သင်ပေးတာ၊ ပိုက်ဆံယူသူနည်းတယ် ဆိုတာကို သိခဲ့ရတယ်။
ဒီလိုမြင်ကွင်းတွေကနေ စဉ်းစားမိတာက အစိုးရရဲ့ ဝန်ဆောင်မှုတစ်ခု တည်းနဲ့ အုပ်ချုပ်မှုယန္တရားဟာ မပြည့်စုံနိုင်ဘူး။ ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းပါဝင်မှု လိုအပ်တယ်၊ အဓိက ကျတယ်ဆိုတာကိုပဲ။ နောက်ဆက်တွဲ မိမိတို့ရပ်ကွက်တွေမှာရော ဒီလိုနေရာ မျိုးတွေ ရှိသင့်တယ်လို့တွေးမိပါရဲ့။ ကလေးတွေကျောင်းကအပြန် ဖုန်းကြည့် နေမယ့်အစား၊ အတူတူကစားနိုင်၊ သင်ယူနိုင်မယ့်နေရာ။ လူကြီးတွေအတွက် အိမ်ထဲမှာ တစ်ယောက်တည်း အထီးကျန်နေမယ့်အစား ဝါသနာပါရာ အပန်းဖြေတာ၊ ဟင်းချက်တာ၊ ကခုန်တာ၊ စကားပြောတာ စသည်ဖြင့် စုစုရုံးရုံး နဲ့ တိုင်ပင်ရာနေရာ။ ဒါတွေကို နိုင်ငံတော်က ပံ့ပိုးပေးထားသလို ပြည်သူကလည်း လိုလိုလားလားနဲ့ ပူးပေါင်းတဲ့အခါ အမှန်တကယ် ရုပ်လုံးပေါ်လာနိုင်တယ်ဆိုတာ သက်သေပြနေတာပါပဲ။
အုပ်ချုပ်ရေးရုံးရဲ့ မြေညီထပ်မှာ ဥပဒေရေးရာနဲ့ပတ်သက်တဲ့ အခန်းလေး တစ်ခုကိုမြင်တွေ့ရတယ်။ ဥပမာ- လူတစ်ယောက်က အလုပ်ရှင်နဲ့အငြင်းပွားတယ်။ လုပ်ခကိုအပြည့်မရဘူး။ ဒါကို အဲဒီက တာဝန်ရှိသူကို လာတိုင်ပင်လို့ ရပါတယ်။ သူက နားထောင်ပေးတယ်၊ စာရွက်စာတမ်းတွေကို ကြည့်ပေးတယ်၊ ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို အကြံပေးတယ်။ အဲဒါက အခမဲ့ပါ။ အဲဒီ ဝန်ဆောင်မှုမရှိရင် ဘာဖြစ်မလဲဆိုတာ မိမိတို့ အားလုံးသိကြမှာပါ။ ပြဿနာ တစ်ခုခုဖြစ်လာရင် လူတိုင်းတရားရုံးကို သွားရမယ်။ ရှေ့နေငှားရမယ်။ ဒါကြောင့် ပိုက်ဆံကုန်မယ်၊ အချိန်တွေကုန်မယ်။ ဒီနေရာမှာတော့ ရပ်ကွက်ထဲမှာပဲ ပြဿနာကို စဖြေရှင်းဖို့အတွက် ဆောင် ရွက်ပေးထားတယ်။ ဒါကြောင့် ဒီမှာ လူတိုင်းလက်လှမ်းမီနိုင်တဲ့၊ လူတိုင်းသုံးလို့ရတဲ့ ဥပဒေကာကွယ်မှုစနစ်တစ်ခု ရှိနေတယ်။
ပြည်သူတွေရဲ့အသံကိုသိသောဌာန
မြေညီထပ်မှာ ခန်းမတစ်ခုကို မြင်တွေ့ရတယ်။ အဲဒီခန်းမနံရံပေါ်မှာ အဲဒီရပ်ကွက်တစ်ခုလုံးရဲ့ မြေပုံကိုလည်း မြင်တွေ့ရတယ်။ အိမ်တိုင်းရဲ့အခြေအနေ ဘယ်သူတွေနေကြသလဲ၊ သက်ကြီး ရွယ်အိုရှိလား၊ ကလေးငယ်ရှိလား၊ ဘယ်အိမ်မှာ ကျန်းမာရေးမကောင်းသူ ရှိသလဲ ဒါတွေဟာ ရပ်ကွက်ရုံးရဲ့ မှတ်စုဒေတာစာရင်းမှာ ရှိနေတယ်။ ဒီလို အချက်အလက် ကောက်ယူထားတာက လူတွေကို အကူအညီပေးဖို့သက်သက်ပဲ။ ဥပမာအားဖြင့် မိုးကြီးရင် ရေဝင်နိုင်တဲ့ အိမ်တွေကို ကြိုသိနိုင်မယ်၊ ဆောင်းရာသီမှာ အပူပေးစက်ပျက်တတ်တဲ့ အိမ်တွေကိုသိလို့မပျက်ခင် သတိပေးကြိုပြင်ပေးတယ်။ ဒါကို သူတို့က ဂရစ်ဒ်စနစ်လို့ ခေါ်တယ်။ ရပ်ကွက်ကို သေးငယ်တဲ့ ယူနစ်တွေအဖြစ် ခွဲထားပြီး ယူနစ်တစ်ခုမှာ တာဝန်ခံဝန်ထမ်း တစ်ယောက်ထားတယ်။ အဲဒီဝန်ထမ်းက သူ့ယူနစ်ထဲက အိမ်တိုင်း၊ လူတိုင်းကိုသိတယ်။ သူတို့ရဲ့အခက်အခဲကိုသိတယ်။
မြေညီထပ်မှာ နောက်ထပ်တွေ့ခဲ့ရတာက မီးသတ်ဆေးဘူးတွေ၊ အရေးပေါ် ဆေးဝါးတွေနဲ့ အရေးပေါ်ကျန်းမာရေးသုံးပစ္စည်းတွေဖြစ်ပါတယ်။ ဒါကတော့ အရေးပေါ် အခြေအနေအတွက် ရပ်ကွက် ရုံးမှာ အဆင်သင့်ထားရှိတဲ့အရာတွေပေါ့။ ထို့အတူပဲ နံရံပေါ်မှာ ရှေးဟောင်းပညာရှိ တွေရဲ့ အဆိုအမိန့်နဲ့ ပန်းချီလက်ရာ အချို့ကိုလည်း တွေ့ရတယ်။ တရုတ်ဘာသာနဲ့ဆိုတော့ အပြည့်အဝတော့ နားမလည်ပေမယ့် တရုတ်လူမျိုးတွေအတွက် ခွန်အားနဲ့ ဂုဏ်ယူရမယ့် စာပေ တွေဆိုတာတော့ နားလည်လိုက်မိတယ်။
တာဝန်ရှိသူရဲ့ အနောက်ကနေ လိုက်ပါနေတဲ့ အမျိုးသမီးငယ်တစ်ဦးကို စကားစပ်မိရင်း မေးကြည့်တော့ “ကျွန်မက အလုပ်နောက်ကျလည်း စိတ်မပူဘူး။ ရပ်ကွက်ထဲမှာ လမ်းမီးတွေ အမြဲလင်းတယ်၊ လုံခြုံရေးဝန်ထမ်းတွေက အမြဲကင်းလှည့်ပေးတယ်၊ ကျွန်မအမေက ဆီးချိုရောဂါရှိတယ်၊ ရပ်ကွက်ဆေးခန်းက လစဉ်လာစစ်ပေးတယ်၊ ပိုက်ဆံပေးစရာမလိုဘူး” တဲ့။ ဒါကိုကြားမိတော့ မိမိတို့ဆီမှာလည်း ဒီလိုမျိုးရပ်ကွက် အခြေပြု ကျန်းမာရေးစောင့်ရှောက်မှုမျိုးရှိရင် ဘယ်လောက်ကောင်းမလဲတွေးမိတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါသည်တွေ အတွက်ပေါ့။
ဒီလိုနဲ့ တစ်နာရီကျော်ကြာ လေ့လာပြီးတဲ့အခါ ရပ်ကွက်လေးကို နှုတ်ဆက်ထွက်ခွာခဲ့ချိန် စဉ်းစားစရာအတွေးစတို့ ကျန်ရစ်ခဲ့ပါတယ်။ အိုင်ကျန်း Community လို ရပ်ကွက်တွေ ဖွံ့ဖြိုးတိုးတက် တယ်ဆိုတာ နည်းပညာနဲ့ အခြေခံ အဆောက်အအုံတွေသာမက လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ အုပ်ချုပ်ရေးစနစ် ပြောင်းလဲမှုကို ပေါင်းစပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေး Model တစ်ခုလို့ မှတ်ချက် ပြုလိုပါတယ်။ ပြည်သူနဲ့ အုပ်ချုပ်သူ အစိုးရအကြား ဆက်သွယ်မှုကို ပိုနီးစပ်စေတာကို မြင်တွေ့ရတယ်။ အဲဒီလို Smart Community တွေဟာ ဟာဘင်းမြို့သာမက တရုတ်နိုင်ငံဒေသအနှံ့အပြားမှာ မြင်တွေ့ခဲ့ရဖူးပါတယ်။ ပေကျင်းမြို့ကို ရောက်ရှိစဉ်ကလည်း ပေကျင်း အုပ်ချုပ်ရေးရုံးကို လေ့လာခွင့်ရခဲ့ပြီး ခေတ်မီပြီး အကျိုးများတဲ့ One Stop Service ကို မျက်ဝါးထင်ထင် မြင်ခွင့်ရဖူးတယ်။ အဲဒီလိုပဲ ရှန်ဟိုင်းမြို့မှာလည်း နိုင်ငံသားတွေသာမက နိုင်ငံခြားသား တွေပါ ရာနဲ့ချီနေထိုင်တဲ့ Smart အိမ်ရာ တစ်ခုကို ရောက်ရှိလေ့လာခွင့်ရခဲ့ဖူးတယ်။
တရုတ်နိုင်ငံသားတွေ အခေါ်အရတော့ Grid အစီအစဉ်လို့ သိရပါတယ်။ ရပ်ကွက်တိုင်းမှာ ယူနစ်တွေခွဲပြီး ပြည်သူ့ဝန်ထမ်းတွေက တာဝန်ယူစောင့်ရှောက်တဲ့စနစ်ပါ။ ရလဒ်အနေနဲ့ ၂၀၂၅ ခုနှစ် ဟာဘင်းမြို့မှာရှိတဲ့ ၁၂၃၄၅ Hotline ကို နှစ်စဉ်တိုင်ကြားနေတဲ့ အိမ်ရာစီမံခန့်ခွဲမှုဆိုင်ရာ တိုင်ကြား စာတွေက ယခင်နှစ်တွေထက် ၂၀ ရာခိုင် နှုန်းလောက် ကျဆင်းသွားပါသတဲ့။
ရပ်ကွက်တစ်ခုရဲ့ အောင်မြင်မှုက ရုပ်ဝတ္ထုတိုးတက်မှုတစ်ခုတည်း မဟုတ်ပါဘူး။ လူသားဆန်မှုနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက အဓိကကျပါတယ်။ မြို့ပြအုပ်ချုပ်ရေးဆိုတာ အပေါ်ကနေ အောက်ကို အမိန့်တွေ၊ ညွှန်ကြားချက် တွေချပေးတာသက်သက် မဟုတ်ပါဘူး။ အောက်ခြေအထိ ဖြည့်ဆည်းထားပေးတဲ့ ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုတွေကြောင့် အောင်မြင်မှုဂရပ်ဖ်တွေမြင့်တက်လာပြီး ပြဿနာဂရပ်ဖ်တွေက လျော့ကျလာခဲ့တာပါ။ ဒါကို အိုင်ကျန်း Community မှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ မိမိတို့ရပ်ရွာတွေကိုလည်း အိုင်ကျန်း Comm-unity ကဲ့သို့ မြင်တွေ့ချင်လှပါပြီ၊ တူညီသောပန်းတိုင်ဆီကို ပြိုင်တူတွန်းကြပါစို့ ဟူ၍သာ။ ။


