ဇွန် ၁၅ ရက်မှာ  ယှဉ်ပြိုင်ကစားခဲ့တဲ့  ကမ္ဘာ့ဖလားအုပ်စုအဆင့် ပွဲစဉ်တွေမှာ ဂျာမနီအသင်းနဲ့ ဆွီဒင်အသင်းတို့   ဂိုးပြတ်နိုင်ပွဲကိုယ်စီ ရရှိခဲ့ပြီး နယ်သာလန်အသင်းနဲ့ ဂျပန်အသင်းတို့ပွဲစဉ်မှာတော့ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဂျာမနီအသင်းဟာ အုပ်စု(E)အဖွင့်ပွဲစဉ်အဖြစ် ကူရာကောင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး ကမ္ဘာ့ဖလားကို လေးကြိမ်ဆွတ်ခူးထားတဲ့ ဂျာမနီအသင်းက ခုနစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဆွီဒင်အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စု(F)ပထမပွဲစဉ်အဖြစ် တူနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။   

အခုပွဲစဉ်မှာ ဆွီဒင်အသင်းအတွက် သွင်းဂိုး တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ အီဆက်ဟာ ဆွီဒင်အသင်းနဲ့အတူ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဝင်ရောက်ကစားခွင့်ရရှိချိန်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

အုပ်စု(F)ရဲ့  အခြားသောပွဲစဉ်တစ်ပွဲဖြစ်တဲ့  နယ်သာလန်အသင်းနဲ့ ဂျပန်အသင်းတို့ ပွဲစဉ်မှာတော့ နယ်သာလန်အသင်းက ဦးဆောင်ဂိုး စတင်ရရှိခဲ့ပေမယ့်  တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ဖြင့်သာ ပွဲပြီး ဆုံးခဲ့တာဖြစ်ပါတယ်။

အခြားသော ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အိုင်ဗရီကို့စ်အသင်းနဲ့ အီကွေဒေါအသင်းတို့ ပွဲစဉ်မှာတော့ အိုင်ဗရီကို့စ်အသင်းက  ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၉၀ မှာ ရရှိခဲ့တဲ့ ဒီယယ်လိုရဲ့   တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။            

ငွေကြယ်