ရန်ကုန် ဇွန် ၁၅

 

ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး ဆွာမိ ဝိဝေကာနန္ဒ ယဉ်ကျေးမှုစင်တာ (SVCC) ကကြီးမှူး၍ Sanskriti Samvad (ယဉ်ကျေးမှု၊ အမွေအနှစ်နှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ) ဟောပြောပွဲကို ဇွန် ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ အိန္ဒိယ စင်တာ၌ ကျင်းပသည်။

 

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား ဆက်နွှယ်လျက်ရှိသည့် ယဉ်ကျေးမှုနှင့် လူမှုအဖွဲ့အစည်း ဆိုင်ရာ အမွေအနှစ်များကို အလေးထားဖော်ပြရန် ရည်ရွယ်၍ အဆိုပါ ဟောပြောပွဲကို ကျင်းပခြင်းဖြစ်ပြီး တတ်သိပညာရှင်များ၊ လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ အိန္ဒိယနွယ်ဖွားများနှင့် ယဉ်ကျေးမှုဝါသနာရှင်များ အပါအဝင် လူဦးရေ ၁၅၀ ကျော် တက်ရောက်ကြသည်။

 

အခမ်းအနားတွင် အိန္ဒိယ သံအမတ်ကြီး Shri Abhay Thakur က ဆက်နွှယ်နေသည့် ယဉ်ကျေးမှု တန်ဖိုးများ၊ ဗုဒ္ဓဘာသာဆိုင်ရာ အမွေအနှစ်များနှင့် ပြည်သူ အချင်းချင်း ထိတွေ့ဆက်ဆံမှု စသည့်ကဏ္ဍများအပေါ် အခြေခံထားသည့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အကြား ရှေးပဝေသဏီကတည်းက တည်ရှိခဲ့သော လူမှုယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများကို အလေးပေး ပြောကြားခဲ့သည့် အပြင် ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးပွဲများနှင့် ပညာရပ်ပိုင်းဆိုင်ရာ ဖလှယ်မှုများသည် နှစ်နိုင်ငံအကြား အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေ ရန်အတွက် အရေးပါသော ကဏ္ဍမှ ပါဝင်နေကြောင်းကိုလည်း  အလေးအနက် ပြောကြားခဲ့သည်။

 

ဟောပြောပွဲတွင် သမိုင်းပညာ ရှင်၊ လူမှုရေးနှင့် ရှေးဟောင်း ဒင်္ဂါးများ စုဆောင်းလေ့လာသူ Shri Omprakash Gattani က အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုအမွေ အနှစ်များ၊ အာဟုမ်(Ahom) ဘုရင် နိုင်ငံ၊ ငွေကြေးစနစ်နှင့် ရိုးရာဓလေ့များအပြင် အိန္ဒိယနိုင်ငံ၏ လက်ဖက် လုပ်ငန်းဆိုင်ရာ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး အာဟုမ် (Ahom) ဘုရင်နိုင်ငံ၏ သမိုင်းကြောင်း ဆိုင်ရာ အရေးပါမှု၊ ဒင်္ဂါးသွန်းလုပ်မှု ရိုးရာဓလေ့များ၊ အာသံ (Assam) နှင့် မြန်မာနိုင်ငံအကြား ရှေးဟောင်း ကုန်သွယ်ရေးဆိုင်ရာ ဆက်နွှယ်မှုများနှင့် ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေး သမိုင်းကြောင်းကို ပုံဖော်ရာတွင် အာသံပြည်နယ် လက်ဖက် လုပ်ငန်း၏ ကဏ္ဍရပ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကာ တက်ရောက်လာသူများ၏ ဆွေးနွေး မေးမြန်းမှုများကို ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

 

ကိုထက်