မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းများမှာ တစ်နေ့နှင့်တစ်နေ့မတူ ပြောင်းလဲမြင့်တက်နေသည်ကို တွေ့ရမည် ဖြစ်သည်။ ကုန်ဈေးနှုန်းမြင့်မားလာမှုကို အခြေခံပြည်သူများ နေ့စဉ်ကြုံတွေ့ခံစားနေရသည်။ မြန်မာနိုင်ငံ၏ အရောင်းအဝယ်ဈေးကွက်သည် တည်ငြိမ်မှုမရှိဘဲ အတက်ဘက်သို့သာ ရှေးရှုနေသည်ကို တွေ့ရမည်ဖြစ်သည်။

 

ကုန်ပစ္စည်းဈေးနှုန်းများသည် သွင်းကုန်နှင့် ဝယ်ကုန်တန်ဖိုးအပေါ်မူတည်၍ အပြောင်းအလဲဖြစ်ပေါ် နေခြင်း အကြောင်းတစ်ခုတည်းမဟုတ်ပေ။ စီးပွားရေးသဘောတရားအရ ကုန်ဈေးနှုန်းသည် ရောင်းလို အားနှင့် ဝယ်လိုအားအပေါ်တွင်မူတည်၍ အပြောင်းအလဲဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ရောင်းလိုအားများလျှင် ကုန်ဈေးနှုန်းကျဆင်းမှုဖြစ်ပေါ်တတ်ပြီး ဝယ်လိုအားများလျှင် ကုန်ဈေးနှုန်း တက်မှုယေဘုယျအားဖြင့် ဖြစ်ပေါ်လေ့ရှိသည်။ နိုင်ငံတော်အနေဖြင့် ပြည်တွင်းရောင်းလိုအား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သောကုန်ကြမ်းများ လုံလောက်စွာရရှိစေရေးအတွက် ပံ့ပိုးကူညီရေး၊ ထိန်းကျောင်းပေးရေးတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် အရေတကြီးသုံးစွဲရန် မလိုအပ်သောကုန်စည်များ ပြည်ပမှတင်သွင်းမှုကိုလျှော့ချပြီး ပြည်တွင်းထုတ်ကုန်များဖြင့် အစားထိုး နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

 

ပြည်ပသွင်းကုန်လျှော့ချပြီး ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးမြှင့်နိုင်ရေးအတွက် MSME လုပ်ငန်းရှင်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သွင်းကုန်အစားထိုး ပြည်ပပို့ကုန်များ တိုးမြှင့်နိုင်စေရန် MSME လုပ်ငန်းရှင်များကို သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများထုတ်ချေးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများရရှိရေး ပံ့ပိုးကူညီပေးခြင်း၊ ဖွံ့ဖြိုးရေးဘဏ်များနှင့် ချိတ်ဆက်၍ အရင်းအနှီးချေးငွေများရရှိစေရန်ကူညီခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ စားသုံးသူ များအတွက် အရည်အသွေးနှင့်ဈေးနှုန်းမှန်ဖြင့် ရွေးချယ်ဝယ်ယူခွင့်ရရှိစေရန်၊ စားသုံးသူများစိတ်ကျေနပ်မှု ရှိစေရန်နှင့် ဈေးကွက်အတွင်း ကန့်သတ်ပိတ်ဆို့မှုများကို စားသုံးသူကာကွယ်ရေးဥပဒေဖြင့် စောင့်ကြည့်ထိန်းကျောင်းပေးလျက်ရှိသည်။

 

အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခြေခံစားသောက်ကုန်များ၏ နေ့စဉ်ဈေးနှုန်းဖြစ်ပေါ်နေမှုနှင့် ကုန်စည်စီးဆင်းမှုများကို စိစစ်သုံးသပ်၍ ဈေးနှုန်းတည်ငြိမ်စေရေးနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရန် ဆက်စပ်ဌာနများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းမှန်ကန်တည်ငြိမ်စေရေးအတွက် သမားရိုးကျ ရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမဖြစ်ပေါ်စေရန် သင့်တင့်မျှတသော ဆန်စပါးအခြေခံရည်ညွှန်းဈေးနှုန်းများကို အခါအားလျော်စွာထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ စားအုန်းဆီတင်သွင်းမှု အတက်အကျအပေါ်မူတည်၍ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသည်။

 

၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ(၁၄)၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ဃ)တွင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ပဲအမျိုးမျိုး၊ အသား၊ ငါး၊ ဥအမျိုးမျိုး စသည့်အခြေခံစားသောက်ကုန်များ၊ အိမ်သုံးဆေးဝါးများ၊ လူသုံးဆေးဝါး၊ တိုင်းရင်းဆေးဝါး စသည့်ဆေးဝါးအမျိုးမျိုးအပါအဝင် ပြည်သူလူထုအတွက် အခြေခံလိုအပ်သည့် ကုန်စည် ၄၆ အုပ်စုနှင့် ကျန်းမာရေး၊ ပညာရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေးစသည့်အခြေခံဝန်ဆောင်မှု ၃၄ အုပ်စုတို့ကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားပြီးဖြစ်သည်။ ဤသို့ နိုင်ငံတော်အနေဖြင့် ကုန်ပစ္စည်းဈေးနှုန်းများ တည်ငြိမ်မှုရှိစေ ရေးအတွက် အဘက်ဘက်က ဆောင်ရွက်ပေးလျက်ရှိသော်လည်း ကုန်ဈေးနှုန်း ဆက်လက်မြင့်တက်နေ ခြင်း၏အကြောင်းရင်းကို မြေပြင်တွင်ဖြစ်ပေါ်နေသော အခြေအနေများအတိုင်း မှန်မှန်ကန်ကန် လေ့လာဆန်းစစ်သုံးသပ်ပြီး ဝိုင်းဝန်းပူးပေါင်း အဖြေရှာကြရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဈေးကွက်အခြေအနေမှာ ရောင်းသူ စိတ်ကြိုက်အလွတ်သဘော ဖြစ်နေသည်ကို များသောအားဖြင့် တွေ့မြင်နိုင်မည်ဖြစ်သည်။ ကုန်ပစ္စည်းတစ်ခုချင်းအလိုက် ဈေးနှုန်း တက်ရသည့်အကြောင်းရင်း၊ တက်ရသည့်နှုန်းထား စသည့်အခြေအနေများကို စားသုံးသူများ ပွင့်လင်း မြင်သာစွာမသိနိုင်ဘဲ အလွယ်တကူ ဈေးနှုန်းတင်လေ့ရှိသည်ကိုတွေ့ရသည်။ အထူးသဖြင့် စားသောက် ကုန်များနှင့်ပတ်သက်၍ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ ရောင်းချကြသည်ကို တွေ့နိုင်သည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသတွင်ဈေးနှုန်းကြီးမြင့်သည်ကို လက်ခံ နိုင်သော်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့ပြများတွင် ဈေးနှုန်းကွာဟမှုဖြစ်ပေါ်နေ သည်မှာ အမြတ်အစွန်းအပေါ်မူတည်သည်ဟု ဆိုနိုင်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် စားသုံးသူပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ အခွန်အတုတ်များမှအစ အစစအရာရာတွင် ဖြေလျှော့မှုများ၊ ကူညီပံ့ပိုးမှုများ၊ ထိန်းကျောင်းမှုများ ဆောင်ရွက်ပေးနေသလို စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်ပစ္စည်းရောင်းချသူများကလည်း ဝယ်ရင်းဈေးနှုန်းအပေါ်မူတည်၍ သင့်တင့်မျှတသော၊ ဖြစ်သင့်ဖြစ်ထိုက်သော အမြတ်အစွန်းများကိုရယူကာ နှစ်ဦးနှစ်ဖက်မျှတမှုဖြင့် စားသုံးသူပြည်သူများ ကျေနပ်နှစ်သက်မှုရှိစေရေး ဆောင်ရွက်ပေးကြပါရန် အသိပေးတိုက်တွန်းအပ် ပါကြောင်း။    ။