ဟားခါး ဇွန် ၁၈ 

 

တွန်းဇံမြို့ကို တပ်မတော်က အလုံးစုံပြန်လည်ထိန်းချုပ်ခဲ့ပြီး ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် တိုက်ပွဲရှောင်ပြည်သူများသည် ဇွန် ၁၇ ရက်တွင် ခေတ္တတိမ်းရှောင်နေကြသော ကလေးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြပြီး ယနေ့တွင် တီတိန်မြို့သို့ ရောက်ရှိလာကြရာ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ 

 

ယင်းနောက် ပြန်လည်တာဝန်ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်း ၂၂၁ ဦးနှင့် ပြည်သူ ၅၀ စုစုပေါင်း ၂၇၁ ဦးသည် မော်တော်ယာဉ် ကိုးစီး၊ ဆိုင်ကယ် ၁၂၅ စီးဖြင့် ယနေ့ နံနက်ပိုင်းတွင် တွန်းဇံမြို့သို့ ဆက်လက်ထွက်ခွာသွားပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် စားသုံးဆီ ပိဿာ ၁၇၆၀၊  ဆန်အိတ် ၂၀၀၊ ဘိလပ်မြေ ၇၅ အိတ်၊ သွပ် ၁၃၉၅ ချပ်၊ သွပ်ရိုက်သံ သုံးဖာတို့ကို ယာဉ်တန်းဖြင့် တစ်ပါတည်းသယ်ယူသွားကြောင်း သိရသည်။

 

အလားတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် စားသုံးဆီပိဿာ ၃၇၁၀၊ ဆန်အိတ် ၆၀၀၊ ဘိလပ်မြေအိတ် ၃၇၀၊ သွပ် ၄၈၉၆ ချပ်၊ သွပ် ရိုက်သံ ၁၆ ဖာ၊ သစ်ခွဲသား ၁၃ တန်တို့ကိုလည်းကောင်း၊ တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် စားသုံးဆီပိဿာ ၆၉၀၊ ဆန်အိတ် ၂၀၀၊ ဘိလပ်မြေ ၇၅ အိတ်၊ သွပ် ၄၆၅ ချပ်၊ သွပ်ရိုက်သံ တစ်ဖာတို့ကိုလည်းကောင်း သက်ဆိုင်ရာမြို့များသို့ တစ်ပြိုင်တည်းဖြန့်ခွဲပေးပို့ ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)