နေပြည်တော် ဇွန် ၁၉

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးစွဲနိုင်ရန်အတွက် နိုင်ငံအတွင်း ပိုက်လိုင်းကွန်ရက်များတည်ဆောက်၍ ပေးပို့ဖြန့်ဖြူးလျက်ရှိသည်။ တည်ဆောက်ခဲ့သည့် ပိုက်လိုင်းများ၏ အမျိုးအစားကြောင့်လည်းကောင်း၊ သက်တမ်းကာလကြာမြင့်မှုကြောင့်လည်းကောင်း၊ မတော်တဆထိခိုက်မှုများကြောင့်လည်းကောင်း ပေါက်ကွဲခြင်း၊ ကျိုးပြတ်ခြင်း၊ သံချေးစားယိုစိမ့်ခြင်းများဖြစ်ပေါ်တတ်ရာ ပိုက်လိုင်းများပြင်ဆင်ခြင်း၊ အစားထိုးခြင်းများကို ပြုပြင်ထိန်းသိမ်း‌ရေး အစီအမံများချ၍ နှစ်စဉ်ပြုပြင်ထိန်းသိမ်းလျက်ရှိသည်။

 

ရန်ကုန်ဧရိယာအတွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ မော်တော်ယာဉ်သုံး သဘာဝ ဓာတ်ငွေ့အရောင်းဆိုင်များ၊ အစိုးရနှင့်ပုဂ္ဂလိက စက်ရုံအလုပ်ရုံများသို့ သဘာဝဓာတ်ငွေ့များကို ပိုက်လိုင်းများဖြင့် ပေးပို့လျက်ရှိရာ ၂၀၂၆ ခုနှစ် ဇွန် ၁၇ ရက်‌တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မော်တော်ယာဉ်သုံးသဘာဝဓာတ် ငွေ့အ‌ရောင်းဆိုင်ဆိုင်အမှတ် (၀၂၀) သို့ ဆက်သွယ်ထားသော ၄ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် သာကေတမြို့နယ်၊ (၁) ရပ်ကွက်၊ ဧရာဝဏ်လမ်းမကြီးအောက်တွင် ယိုစိမ့်မှုဖြစ်ပွားနေကြောင်း သတင်းပေးပို့ချက်များအရ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့သည် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန် ဓာတ်ငွေ့ပို့လွှတ်မှုအား နံနက် ၁၀ နာရီခွဲတွင် ခေတ္တ ရပ်ဆိုင်းပြီး အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ပြုပြင်မှုလုပ်ငန်း များကို ဇွန်၂၂ ရက်‌ထိ ဆောင်ရွက်သွားရမည်ဖြစ်ပါသဖြင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် အမှတ် (၀၂၀) ၏ ဓာတ်ငွေ့ရောင်းချမှုကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပါကြောင်းနှင့် အလားတူ ပိုက်လိုင်းယိုစိမ့်မှုများကို တွေ့ရှိရပါက မြန်မာ့‌ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ရွာမသဘာဝဓာတ်ငွေ့ထိန်းဖြန့် စခန်းတာဝန်ခံ ဖုန်းနံပါတ် - ၀၉၇၉၅၅၀၃၈၂၈ သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ပါရန် အသိပေးမေတ္တာရပ်ခံထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

 

သတင်းစဉ်