ရန်ကုန် ဇွန် ၂၁
(၁၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ (International Day of Yoga-IDY) အထိမ်းအမှတ် အခမ်းအနားကို အိန္ဒိယသံရုံး(ရန်ကုန်) ဆွာမိဝိဝေကာနန္ဒ ယဉ်ကျေးမှုစင်တာ (SVCC) က ကြီးမှူး၍ ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ယနေ့ နံနက် ၇ နာရီခွဲတွင် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Abhay Thakur နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။
ထို့နောက် ယောဂနည်းပြဆရာမ Dr.Ankita Sood ၏ ဦးဆောင်မှုနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့ အပါအဝင် အင်အား ၅၀၀ ကျော်တို့က ယောဂ လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်ခဲ့ကြသည်။
၂၀၁၄ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ကို စတင်သတ်မှတ်ပြီး နှစ်စဉ် ကျင်းပလာခဲ့ရာ ယခု ၂၀၂၆ ခုနှစ်တွင် (၁၂)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ယခုနှစ်၏ ဆောင်ပုဒ်မှာ “ကျန်းမာကြံ့ခိုင်စွာဖြင့် အသက်အရွယ် ကြီးရင့်လာဖို့ ယောဂ ကစားကြပါစို့” (Yoga For Healthy Ageing) ဖြစ်ကြောင်း၊ ယခုနှစ်ဧပြီလမှ ဇွန်လအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ ယောဂနေ့အထိမ်းအမှတ်လှုပ်ရှားမှု ကိုးနေရာတွင် ပြုလုပ်ခဲ့ပြီး လူဦးရေ ၃၅၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြောင်း ယနေ့ပြုလုပ် သည့်အခမ်းအနားမှ သိရသည်။
ကိုထက်


