နေပြည်တော် ဇွန် ၂၁

 

ဂျပန်နိုင်ငံ ဖူကူအိုကာမြို့အခြေစိုက် အာရှ-ပစိဖိတ်ဒေသ ကလေးများဆိုင်ရာ ကွန်ဗင်းရှင်း (Asian-Pacific Children’s Convention-APCC) က ဦးစီး၍ နှစ်စဉ်ဇူလိုင်လ၌  ကျင်းပမည့် နွေရာသီအပြည်ပြည်ဆိုင်ရာ ကျောင်းသားလူငယ်များ တွေ့ဆုံစခန်းချပွဲ (BRIDGE Summer Camp– 2026) သို့ Junior Ambassadors များအဖြစ် မြန်မာနိုင်ငံမှ  ပါဝင် တက်ရောက်ရန်အတွက် မောင်စိုပြေ အထက(၂) ကမာရွတ်၊ မောင်အောင်ဘုန်းမြတ်ကို အထက(၁)ဒဂုံ၊ မောင်အံ့ဘုန်းမော် အထက(၂)မင်္ဂလာဒုံ(အောင်ဆန်းသူရိယလှသောင်းကျောင်း)၊ မစုစုစံ လေ့ကျင့်ရေး အထက်တန်းကျောင်း(TTC) ကမာရွတ်၊ မတာရာဘုန်းထက် လေ့ကျင့်ရေးအထက်တန်းကျောင်း(TTC)  ကမာရွတ်၊ မောင်လင်းလက်ကျော်ဇာနည် အထက(၂) စမ်းချောင်းတို့အား မြန်မာ-ဂျပန်ချစ်ကြည်ရေး အသင်း(MJA)က ဦးစီးစီမံပြီး မတ်လမှစ၍ ရွေးချယ်ဖွဲ့စည်းလေ့ကျင့် ပေးလျက်ရှိသည်။

 

ရွေးချယ်ဖွဲ့စည်း လေ့ကျင့်ပေးလျက်ရှိသော ဖော်ပြပါကျောင်းသား ကျောင်းသူများ၏ နေပြည်တော်လေ့ကျင့်ရေးနှင့် တတိယအကြိမ် လေ့ကျင့်ရေးခရီးစဉ်အတွင်း ကျောင်းသား ကျောင်းသူ ခြောက်ဦးအား Junior Ambassador အဖြစ် ရွေးချယ်အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲ Awarding Ceremony အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်  သင်္ဂဟဟိုတယ်၌ကျင်းပရာ မြန်မာ-ဂျပန် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ပြီး မြန်မာ-ဂျပန်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက အသိအမှတ်ပြုလက်မှတ်များနှင့် ခရီးစဉ်အတွက် အထောက်အကူပြု ပစ္စည်းများပေးအပ်သည်။

 

မြန်မာနိုင်ငံမှ Junior Ambassador ခြောက်ဦးသည် ဇူလိုင်လ ဒုတိယပတ်တွင် ဂျပန်နိုင်ငံ ဖူကူအိုကာမြို့သို့ သွားရောက်မည်ဖြစ်ပြီး ၁၀ ရက်ကြာ စခန်းချကာလအတွင်း အခြား အာရှ-ပစိဖိတ်ဒေသ ၄၂ နိုင်ငံမှ Junior Ambassador ၂၀၀၊ အုပ်ချုပ်သူ ၄၂ ဦးတို့နှင့်အတူ စခန်းဝင် တွေ့ဆုံနေထိုင်၍ Exchange Program များဆောင်ရွက်ခြင်း၊ ယဉ်ကျေးမှု ဖလှယ်ခြင်း၊ နိုင်ငံအလိုက် သတ်မှတ်ကျောင်းများသို့ တစ်နေ့တာ သွားရောက်လေ့လာခြင်း၊ အသက်ရွယ်တူ ဂျပန်ကျောင်းသား ကျောင်းသူ များ၏နေအိမ်သို့ တစ်ဦးချင်းလိုက်ပါ၍ ငါးညတာ Home Stay နေထိုင် ခြင်း၊ Host Student ၏ စာသင်ကျောင်းသို့ နေ့စဉ်အတူလိုက်ပါ ကျောင်းတက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာကျောင်းသား ကျောင်းသူအဖွဲ့သည် ဇူလိုင် ၁၈ ရက်တွင် နိုင်ငံအလိုက် ဖျော်ဖြေရမည့် BRIDGE Festival 2026 ၌ သင်္ကြန်မိုးသီချင်းဖြင့် ယိမ်းအက ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်