သဲကုန်း ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့က ကန်တော်မင်္ဂလာရေကန်၌ ဆောင်ရွက်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေး က သဘာဝဘေးအန္တရာယ် ကျရောက်ပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်ရေးနှင့် ဘေးအန္တရာယ် အမျိုးအစားအလိုက် အရေးပေါ် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လေ့ကျင့်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းထိုက် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ရှာဖွေကယ်ဆယ်ရေးတပ်စုအင်အား ၃၅ ဦး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီဝင်များ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရသည့် ပြည်သူများအား ရှာဖွေကယ်ဆယ်ခြင်း၊ စက်စွမ်းရည် ပြသခြင်း၊ Water Rescue Robot အသုံးပြု၍ ရေနစ်နေသူအား ကယ်ဆယ်ခြင်းများကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


