စာတည်းအဖွဲ့
ဇွန် ၁၅ ရက်မှ ၂၀ ရက်အတွင်း ပြည်တွင်းပြည်ပ၌ ဖြစ်ပွားခဲ့သည့် ထူးခြားသတင်းများအနက် နိုင်ငံခြားဆက်ဆံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ သဘာဝသယံဇာတ၊ ခရီးသွား၊ လူမှုရေး၊ မှုခင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ သတင်းများကို စုစည်းဖော်ပြလိုက်ပါသည်။
နိုင်ငံခြားဆက်ဆံရေးကဏ္ဍ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ သွားရောက်ခဲ့ပြီး တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးကြသည်။
ယခုခရီးစဉ်သည် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် စာမျက်နှာသစ် ဖွင့်လှစ်နိုင်မည့် နိုင်ငံရေး အရ၊ သံတမန်ရေးအရ များစွာအကျိုးရှိ အောင်မြင်သော ခရီးစဉ်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးကဏ္ဍ
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကလေး-တမူး လမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ဇွန် ၁၃ ရက်တွင် ရာဇဂြိုဟ်ကျေးရွာအား လည်းကောင်း၊ ဇွန် ၁၅ ရက်တွင် ရာဇဂြိုဟ် ရေလှောင်တမံအားလည်းကောင်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့ပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၃၃၈ ဦးနှင့် အမျိုးသမီး ၃၈ ဦး တို့သည် လက်နက်/ခဲယမ်းများနှင့်အတူ ဇွန် ၁၉ ရက်က ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသည်။
စီးပွားရေးကဏ္ဍ
ငှက်ပျောနှင့် မြက်တို့ကို ခေတ်နှင့်အညီ ဖန်တီးထုတ်လုပ်ထားသည့် တန်ဖိုးမြင့် ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ရန်ကြိုးပမ်းနေကြောင်း Green Banana Myanmar မှ သိရသည်။ ငှက်ပျောနှင့် မြက်တို့ဖြင့် ပြုလုပ်ထားသည့် လက်ကိုင်အိတ်၊ ဖျာ၊ ချည်ထည်နှင့် ဖိနပ်တို့ကို ပြည်ပသို့ တင်ပို့ရောင်းချရန်အထိ ရည်ရွယ်ဆောင်ရွက်နေသည်။
တနင်္သာရီတိုင်းဒေသကြီးမှ ရေထွက်ကုန်တင်ပို့မှုများ တိုးတက်လျက်ရှိပြီး ပြည်ပတင်ပို့မှုကဏ္ဍ ပိုမိုအားကောင်းလာသည်။ ထို့ပြင် ပြည်တွင်းကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထွက်ကုန် များ ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးရေးကဏ္ဍ
ရန်ကုန်မြို့ သီရိမင်္ဂလာဈေး၌ စွန့်ပစ် အသီးအရွက်များကိုအသုံးပြု၍ သဘာဝမြေဩဇာ ထုတ်လုပ်အသုံးပြုမှုများ ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုလျက်ရှိသည်။ လက်ရှိတွင် သီရိမင်္ဂလာဈေးမှထွက်ရှိသော သဘာဝ မြေဩဇာကို မင်္ဂလာဒုံနှင့် မှော်ဘီမြို့နယ်တို့ရှိ နှင်းဆီခြံ၊ စံပယ်ခြံများတွင် အသုံးပြုနေသည့်အပြင် ရန်ကုန်မြို့ဈေးများရှိ စိုက်ခင်းနှင့် ပန်းခြံများ၊ ငွေနှင်းမှိုစိုက်ပျိုးမှုများတွင် အသုံးပြုလျက်ရှိသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် ပိုးစာပင်စိုက်ပျိုးရေးနှင့် ပိုးမွေးမြူရေးလုပ်ငန်း အောင်မြင်မှုရရှိနေပြီး ယခုအခါ ပိုးစာပင်စိုက်ဧက ၃၂၀ ခန့် ရှိလာရာ တွက်ခြေကိုက်သည့် လုပ်ငန်းဖြစ်၍ တိုးချဲ့စိုက်ပျိုးသင့်သည်။ ထို့ပြင် ဂွတ်ဒ်ဘရားသားစ် ကုမ္ပဏီလီမိတက်က မကွေး တိုင်းဒေသကြီးအစိုးရသို့ လက်ဆွဲမျိုးစေ့ချ ကိရိယာ ၅၀၀ ပေးအပ်လှူဒါန်းသည်။
ကျန်းမာရေးကဏ္ဍ
ကလေးဆေးရုံကြီး (ရန်ကုန်)တွင် ရင်ချင်းဆက် အမြွှာကလေးများအား ခွဲစိတ်ကုသမှုကို ဆေးဘက်ဆိုင်ရာအဖွဲ့များက အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ အဆိုပါ ခွဲစိတ်ကုသမှုသည် ကျန်းမာရေးကဏ္ဍတွင် ထူးခြားသည့် ဆေးပညာအောင်မြင်မှုတစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာန ခြင်ဆီအစားထိုး ဌာနတွင် လူနာ လေးဦးအား ခြင်ဆီအစားထိုးကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၆ ခုနှစ် ယခုအချိန်ထိ စုစုပေါင်း လူနာ ၃၃ ဦးအား ခြင်ဆီအစားထိုးကုသမှုကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပြီး ပြည်သူများ ကျန်းမာရေးအတွက် ကုန်ကျစရိတ် သက်သာစေရေး ပြည်တွင်း၌ပင် ခြင်ဆီအစားထိုးကုသမှုများကို ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
သဘာဝသယံဇာတကဏ္ဍ
မြန်မာနိုင်ငံ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိခဲ့သည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသော အလေးချိန် ၁၄၃၀၀ ဂရမ်(၇၁၅၀၀ ကရက်)ရှိ နီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲ ၃၅၄ ဒသမ ၇၇ ဂရမ်(၁၇၇၃ ဒသမ ၈၅ ကရက်) တို့အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇွန် ၁၄ ရက်တွင် ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ နီလာအရိုင်းတုံးကြီးကို ၂၀၂၀ ပြည့်နှစ်က နိုင်ငံတော်သို့ လာရောက် အပ်နှံထားခြင်းဖြစ်သည်။ အပြာရင့်ရောင် ဖြစ်ပြီး အလင်းပေါက်မှုအနေဖြင့် အလင်း မှုန်အဆင့်ရှိကာ ပြုပြင်ထားခြင်းမရှိသော သဘာဝအတိုင်းရှိသည့် နီလာအရိုင်းတုံးကြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ နီလာအရိုင်းတုံးကြီး တွေ့ရှိခဲ့သည့် သတင်းကြောင့် ကျောက်မျက်ရတနာ အသိုင်းအဝိုင်းတွင် စိတ်ဝင်စားမှုမြင့်တက်လျက်ရှိသည်။
ထို့ပြင် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အလားအလာကောင်းမွန်သော သဘာဝဓာတ်ငွေ့သိုက်များ ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ဧရာဝတီကမ်းလွန်ဒေသ လုပ်ကွက် စီမံကိန်းတွင် သဘာဝဓာတ်ငွေ့ ၁၄ ထရီလီယံကုဗပေအထိ ထွက်ရှိရန် အလားအလာရှိသော ဓာတ်ငွေ့သိုက်ကို စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် တနင်္သာရီကမ်းလွန် ဒေသလုပ်ကွက်တွင် သဘာဝဓာတ်ငွေ့ ၉၅ ထရီလီယံ ကုဗပေခန့်ရှိသည့် သဘာဝဓာတ်ငွေ့သိုက်ကို တွေ့ရှိထားကြောင်း ဖော်ပြထားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မအူပင်(တောင်)ရေနံနှင့် သဘာဝဓာတ်ငွေ့ မြေတွင်းအမှတ်(၂၂)ရှိ သဲကြောများကို သုတေသနပြုဆန်းစစ်ပြီး တိုးချဲ့ သေနတ်ဖောက်ယူခဲ့ရာ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိလျက်ရှိကြောင်း သိရသည်။
ခရီးသွားကဏ္ဍ
မြန်မာ - ကမ္ဘောဒီးယား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဇွန် ၁၆ ရက်က ရန်ကုန်မြို့ Pan Pacific ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ ခရီးသွား လုပ်ငန်းတာဝန်ရှိသူများ၊ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများက ပါဝင်တက်ရောက်ဆွေးနွေးကြသည့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်နှင့် ဆက်စပ် အစည်းအဝေးများကိုလည်း အဆိုပါ ဟိုတယ်တွင် ဇွန် ၁၄ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သည်။
လူမှုရေးကဏ္ဍ
ယခုအခါ ပြည်တွင်းဈေးကွက်တွင် ယွန်းဆွဲကြိုး၊ လက်ကိုင်အိတ်၊ နားဆွဲ စသည့် ဖက်ရှင်နှင့် ပတ်သက်သည့် ယွန်းထည် အသုံးအဆောင်များကို လူငယ်များ စိတ်ဝင်စားလျက်ရှိသည်။ လူငယ်များ မြန်မာ့ယွန်းကို စိတ်ဝင်စားသည့်စိတ်ဖြင့် ဝယ်ယူလေ့လာခြင်းများရှိကြောင်း Bangan House ယွန်းလုပ်ငန်း ပဲ့ကိုင်ရှင်ထံမှ သိရသည်။ ယွန်းလုပ်ငန်း ကို ၁၉၃၉ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ရာ စတုတ္ထမြောက်မျိုးဆက်အဖြစ် ဆက်လက်လုပ်ကိုင်နေကြောင်း၊ ခေတ်နှင့်အညီ ဈေးကွက်အရ ပြုပြင်ပြောင်းလဲပြီး ဒီဇိုင်း များပြုလုပ်ထားကြောင်း ဖော်ပြထားသည်။
ချင်းပြည်နယ်အတွင်းရှိ တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့များတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ စားဝတ်နေရေး အထောက်အကူဖြစ်စေရန်အတွက် ထောက်ပံ့ပစ္စည်းများနှင့် ကုန်ပစ္စည်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များသည် ဇွန် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရောက်ရှိကြောင်း သိရသည်။
မှုခင်းကဏ္ဍ
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၁၀)ရပ်ကွက် အောင်မင်းခေါင် (၁)လမ်းရှိ နေအိမ်တစ်လုံးတွင် အွန်လိုင်း လိမ်လည်မှုပြုလုပ်လျက်ရှိသည့် မြန်မာနိုင်ငံသား အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး ရှစ်ဦးတို့ကို ဇွန် ၁၇ ရက်က ဖမ်းဆီးရမိ သည်။ ထို့ပြင် မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ငွေကျပ် ၁၀ ဘီလီယံ ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆၅ ဘီလီယံ ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် မွန်ပြည်နယ် သထုံမြို့တွင် ငွေကျပ် သိန်း ၁၃၉၈၀ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။
ဒေသဖွံ့ဖြိုးရေးကဏ္ဍ
ဒေသအသီးသီး၌ လမ်း၊ တံတားနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ဖော်ပြ ထားသည်။
သတိပြုဖွယ်အခြေအနေ
မိုးလေဝသဌာနက မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားသဖြင့် ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည်ဟု သိရသည်။ ပြည်သူများအနေဖြင့် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန် အသိပေးထားသည်။ ။


