နီဇော်သစ်
ပဉ္စမမြောက်ဇာတ်လမ်းကို ‘ကျွန်မရဲ့ ကြယ်ပွင့်တစ္ဆေ’ (My Haunting Idol)ဟု အမည်ပေးထားသည်။ တော်တော်လေး စိတ်ဝင်စားဖို့ကောင်း၏။ တိုကျိုမြို့မှ အာအိကိုဆိုသည့် မိန်းကလေးသည် သူအကြိုက်ဆုံး ပေါ့ပ်ကြယ်ပွင့် ဟီရိုးရှိ ရုတ်တရက်ကွယ်လွန်သွားသည့်ကိစ္စကို ဖော်ထုတ်သည့် ဇာတ်လမ်းဖြစ်သည်။ အဖွင့်တွင် အာအိကိုအပါအဝင် ဟီရိုးရှိ၏ စူပါဖန်များက ဟီရိုးရှိကို ဝိညာဉ် ခေါ်ကြသည်နှင့် စတင်ထားသည်။ ထိုညတွင် ဟီရိုးရှိသည် အာအိကို၏ မီးဖိုခန်းထဲ၌ပေါ်လာပြီး အာအိကို အမှုမှန်ဖော်ထုတ်နိုင်အောင် သဲလွန်စများပေးသည်။ အာအိကိုကလည်း တိုကျိုမြို့၏ အလုပ် များသော လမ်းမများပေါ်တွင် လူးလာဆန်ခတ်ကာ ပဟေဠိကို အဖြေရှာသည်။
နောက်ဆုံးပေါ်ထွက်လာသည်မှာ ဟီရိုးရှိသည် အေအိုင်ကိုယ်စားပြုပုံရိပ်လွှာတစ်ခုသာ။ မြင်နိုင်သည်။ မထိတွေ့နိုင်။ သို့သော် အာအိကိုအတွက်ရော ကျွန်တော်တို့ စာဖတ်သူများပါ ဟီရိုးရှိကို တကယ့် လူသားတစ်ယောက်လို ခံစားရသည်။ စစ်မှန်လောက်အောင်လည်း အဓိပ္ပာယ်ရှိသည်။ ဘဝတစ်ခု သက်သက်သာမဟုတ် ကမ္ဘာကို ထိုးဖောက်ဝင်ရောက်ပြီး တစ်သားတည်းကျခဲ့သော ကြယ်ပွင့်တစ်ယောက်လည်းဖြစ်သည်။ ထိုဇာတ်လမ်းအရ ဖျော်ဖြေရေးကဏ္ဍ၏ ကြီးမားသော အသွင်ပြောင်းလဲမှုကို မြင်လိုက်ရစေသည်။ နည်းပညာအရပြောလျှင် အိက်စ်ကမ္ဘာလောက၊ X Reality သို့မဟုတ် XR ။ XR အကြောင်း အများကြီးပြောထားသည့် ဆရာကြီး ဒေါက်တာ ဘရန်နန်စပီဂျယ် စကားအတိုင်းပြောရလျှင် ‘XR သည် ကျွန်တော်တို့ မျက်စိဖွင့်ပြီး မက်နေသည့် အိပ်မက်တစ်ခု’။
ဒီဂျစ်တယ်ဖျော်ဖြေရေးသည် ဖန်သားပြင်များ၊ ပိတ်ကားပြင်များပေါ်မှထွက်လာပြီး လူကြားသူကြားထဲသို့ရောက်လာသည်။ ဟီရိုးရှိလို ပုံစံမျိုးကို အဗတာ(Avatar)ဟု ခေါ်သည်။ ပုံရိပ်လွှာဟု ဆိုနိုင်ကောင်းသည်။ ဟီရိုးရှိပရိသတ်များသည် ဟီရိုးရှိ၏ ကိုယ်ပိုင်စရိုက်လက္ခဏာတို့ကို သဘောကျပြီး အားပေးကြခြင်းဖြစ်သည်။ လက်ရှိ အနုပညာကြယ်ပွင့်တို့ကို ပရိသတ်များ အားပေးကြသလိုပင်။ သို့သော် ဟီရိုးရှိ၏ ကိုယ်ပိုင်လက္ခဏာတို့မှာ လူတစ်ယောက်၏ ပိုင်ဆိုင်မှုမဟုတ်။ အေအိုင်ဖြစ်နေသည်။ အချက်အလက်များကို ဆင့်ပွားထားခြင်းဖြစ်သည်။ အေအိုင်သည် လူတစ်ယောက်ကို အစားထိုးလိုက်ခြင်းမဟုတ်တော့။ လူသားစင်စစ်နှင့် အေအိုင်ပုံရိပ်လွှာတို့ကြားမှ နယ်စည်းကို ဖျောက်ပစ်လိုက်ခြင်းဖြစ်နေသည်။
ဟီရိုးရှိကို ဝိညာဉ်တစ်ခုလိုမျိုး အာအိကို ဘာကြောင့်မြင်ရသလဲဆိုလျှင် သူတပ်ထားသော XR မျက်ကပ်မှန်ကြောင့်ဖြစ်သည်။ ဇာတ်လမ်းထဲတွင် အာအိကိုက ထိုမျက်ကပ်မှန်သာတပ်မထားလျှင် အကန်းတစ်ယောက်လို ခံစားရကြောင်း ဝန်ခံထားသည်။ ဇာတ်လမ်းရေးသားသူ ဆရာကြီး လီခိုင်ဖု က များမကြာသောနှစ်တို့အတွင်း၊ သူ့စာအုပ်အရ ၂၀၄၁ မတိုင်ခင်အတွင်း ထိုသို့ဖြစ်လာမည်ဟု သူယုံကြည်ကြောင်း ဝန်ခံထားသည်။ ထိုအတိုင်းဆိုလျှင် အလုပ်အကိုင်၊ ဖျော်ဖြေရေး၊ ခရီးသွားလာခြင်း၊ ဈေးဝယ်သည်မှအစ လူမှုဆက်ဆံရေးအထိ အကြောင်းကိစ္စများသည် ရုပ်လောကထဲမှ ဒီဂျစ်တယ်လောကထဲသို့ ပြောင်းရွှေ့သွားမည်ဖြစ်သည်။
ဇာတ်လမ်းနောက်တစ်ပုဒ်ကို ‘ကောင်းမြတ်သော ကားဆရာ’ (Holy Driver)ဟု အမည်ပေးထားသည်။ လူမောင်းကားများမှ လူမဲ့ကားများဆီသို့ ပြောင်းလဲဖို့ကြိုးစားသည့်အကြောင်းကို သီရိလင်္ကာနိုင်ငံ၌ ဇာတ်အိမ်တည်ထားသည်။ နာမည်ကို ကြည့်လိုက်သည်နှင့် အလိုအလျောက်မောင်းနှင်သည့် ကားများအကြောင်း ဖြစ်မည်ဆိုသည်မှာ သိလွယ်ပါသည်။ ဤဇာတ်လမ်းတွင်တော့ လီခိုင်ဖုက ဂူဂဲလ်၏ ပထမဆုံး မောင်းသူမဲ့ကားများ ပေါ်ထွက်လာပြီး ၂၃ နှစ်အကြာ ၂၀၄၁ ခုနှစ်တိုင်အောင် မောင်းသူမဲ့ကားများမှာ ပြီးပြည့်စုံခြင်းမရှိသေးသည့်အကြောင်း အသားပေးထားသည်။ မောင်းသူမဲ့ ကားများသည် ယာဉ်မတော်တဆမှုကျဆင်းလာခြင်း၊ လမ်းပိတ်ဆို့မှု လျော့ကျလာခြင်း၊ ခရီးသွားချိန် ပိုမိုထိရောက်လာခြင်း၊ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် သက်သာလာခြင်း အစရှိသည့် ကောင်းကျိုးများကို ပေးစွမ်းသည်။ ပြဿနာမှာ အေအိုင်ကားတစ်စီးမှားသွားလျှင် ဘယ်သူတာဝန်ယူမလဲဆိုသည့်ကိစ္စ။ ကားထုတ်လုပ်သူလား၊ ဆော့ဖ်ဝဲရေးသားသူလား၊ အေအိုင်မိုဒယ် တည်ဆောက်သူလား၊ အေအိုင်ပိုင်ရှင်လား၊ အစိုးရလား မသဲကွဲတော့။
အေအိုင်၏ အမှားများသည် လူသားတို့နှင့် ကွာခြားသည်။ အဓိကအမှားများမှာ လေ့ကျင့်ပေးထားသည့် အချက်အလက်မလုံလောက်ခြင်း၊ မကြုံစဖူးအခြေအနေနှင့် ရင်ဆိုင်ရခြင်း၊ အယ်လ်ဂိုရစ်သမ် အကန့်အသတ်ရှိခြင်းတို့ဖြစ်သည်။ သို့သော် အကြီးမားဆုံးပြောင်းလဲမှုမှာ ကားများတွင် မဟုတ်။ မြို့တစ်မြို့လုံးကို ဆော့ဖ်ဝဲဖြင့် စီမံလာနိုင်ခြင်းဖြစ်သည်။ အေအိုင်ကားတစ်စီးတိုးတက် ဖြစ်ထွန်းမှုမှာ တစ်ဆင့်တည်း ဝုန်းခနဲရောက်သွား ခြင်းမျိုးမဟုတ်။ နယ်ပယ်အသီးသီးနှင့်ပတ်သက်သော ပြဿနာများကို တစ်ဆင့်ပြီးတစ်ဆင့် ရင်ဆိုင်ဖြေရှင်းပြီးမှ တိုးတက်ရသည့်ပုံစံမျိုးဖြစ်သည်။ ထို့ကြောင့် လီခိုင်ဖုက ၂၀၄၁ ခုနှစ်မှာပင် အေအိုင်ကားများ ပြီးပြည့်စုံမှုမရှိနိုင်သေးဟု မြင်နေခြင်း ဖြစ်သည်။ အေအိုင်၏ထိုအကျိုးဆက်မှာ ကားများကို အလိုအလျောက် မောင်းနှင်စေနိုင်ခြင်း သက်သက်မဟုတ်ဘဲ လူသားတို့၏ ရွေ့လျားသွားလာမှုတစ်ခုလုံးကို အယ်လ်ဂိုရစ်သမ်များဖြင့် ထိန်းကျောင်းလာသည့်ပုံစံမျိုးဖြစ်သည်။ ပါဝါဖြန့်ဝေခြင်းမှာ လူသားတို့ ကိုယ်တိုင်မောင်းနှင်နိုင်စွမ်းမှ အေအိုင်မိုဒယ်တစ်ခုကို လွှဲပေးလိုက်ရသည့်ပုံစံမျိုး မြင်နိုင်သည်။
နောက်တစ်ပုဒ်က ‘ကွမ်တမ် မျိုးသုဉ်းသတ်ဖြတ်ခြင်း’။ နာမည်ကိုက ထိတ်လန့်စရာကောင်းသည်။ ဤအခန်းတွင် လီခိုင်ဖုက ထိုးဖောက်ထွက်လာသော နည်းပညာအသစ်တို့သည် ပရိုမီးသီးယပ်၏ မီးလိုအသုံးဝင်နိုင်သလို ပန်ဒိုရာသေတ္တာလိုလည်း ဒုက္ခပေးနိုင်သည့်အကြောင်း မှတ်ချက်ပြုထား၏။ ဇာတ်လမ်းမှာ ဇာတ်လိုက်အဓိကမဟုတ်ဘဲ ဗီလိန်အဓိကဇာတ်လမ်း။ သဘာဝပတ်ဝန်းကျင် ဖောက်ပြန်ပြောင်းလဲမှုကြောင့် ပုဂ္ဂိုလ်ရေး နာကျည်းမှုများရှိနေသည့် ဥရောပသား ကွန်ပျူတာသိပ္ပံပညာရှင်တစ်ယောက်က တစ်လောကလုံးကို လက်စားချေဖို့ အဆင့်မြင့်နည်းပညာနှစ်ရပ်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ထိုနည်းပညာနှစ်ရပ်မှာ ကွမ်တမ်ကွန်ပျူတာနည်းပညာနှင့် အလို အလျောက် တိုက်ခိုက်နိုင်သည့် အေအိုင်လက်နက်များဖြစ်သည်။ ထိုနည်းပညာနှစ်ရပ်လုံးမှာ ၂၀၄၁ ခုနှစ်တွင် ထိပ်တန်းအဆင့်သို့ ရောက်နေမည်ဖြစ်ပြီး အေအိုင်ထံမှ ရလာနိုင်သည့် အဆိုးရွားဆုံး အကျိုးသက်ရောက်မှုလည်းဖြစ်နိုင်သည်ဟု လီခိုင်ဖုက မှတ်ချက်ပြုထားသည်။
ကွမ်တမ်ကွန်ပျူတာဆိုသည်မှာ ယနေ့ ကျွန်တော်တို့သုံးနေသည့် ကွန်ပျူတာများနှင့် ဘာမျှမဆိုင်။ အတွက်အချက်ပိုင်းတွင် အဆပေါင်းများစွာ ပိုမြန်သည်။ ကွမ်တမ်ကွန်ပျူတာကိုသာ သုံးနိုင်လျှင် လက်ရှိ ကွန်ပျူတာနည်းပညာ၏ မည်သည့်လျှို့ဝှက်ကုဒ်ကမျှ တားဆီးနိုင်စရာမရှိ။ ဗီလိန်က ကွမ်တမ်ကွန်ပျူတာနည်းပညာကိုသုံးပြီး ဘစ်ကွိုင်လုံခြုံရေးထဲသို့ ထိုးဖောက်ဝင်ရောက်သည်။ တကယ့် အပြင်လောကတွင်လည်း မသမာသူတစ်ယောက်၊ တစ်ဖွဲ့ ကွမ်တမ်ကွန်ပျူတာရသွားလျှင် အရင်ဆုံး ဘစ်ကွိုင်ကို ထိုးဖောက်လောက်သည်။ ထို့နောက် ကွမ်တမ်ကွန်ပျူတာကိုသုံးပြီး အေအိုင်လက်နက်များကို ပိုအစွမ်းထက်စေကာ ထိန်းချုပ်တိုက်ခိုက်ဖို့လုပ်သည်။ ကွမ်တမ်ကွန်ပျူတာ နည်းပညာသည် လူ့လောကအတွက် များစွာအသုံးတည့်နိုင်သည်။ ဆေးဝါးအသစ်ဖော်ထုတ်ရေး၊ ကုထုံးအသစ်ရှာဖွေရေး၊ ဒြပ်ပစ္စည်းသိပ္ပံပညာ၊ အေအိုင်လေ့ကျင့်မှုတို့ကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သည်။ တစ်ဖက်တွင်လည်း ဇာတ်လမ်းထဲတွင် ဖော်ပြထားသည့် အန္တရာယ်များရှိနေသည်။
ယခုတစ်ပတ် ဖော်ပြခဲ့သည့် ဇာတ်လမ်း သုံးပုဒ်စလုံးမှာ လူ့အဖွဲ့အစည်းအနေဖြင့် အေအိုင်ထံမှ ရလာနိုင်သည့် အကျိုးဆက်များထဲမှ အကြီးမားဆုံးကိစ္စများဟု ဆိုနိုင်သည်။ ပထမတစ်ခုမှာ ဖျော်ဖြေရေးဆန်သော်လည်း အေအိုင်၏ လက်တွေ့ဘဝထဲအထိ ထိုးဖောက်ဝင်ရောက်မှုဖြစ်သည်။ ဒုတိယတစ်ခုမှာ အလိုအလျောက်မောင်းနှင်သည့် ယာဉ်များအတွက် နည်းပညာဖြစ်သည့်တိုင် ယာဉ်မောင်းနှင်ရုံသက်သက်မဟုတ်ဘဲ လုပ်ငန်းလောကများစွာကို ဂယက်ရိုက်လာမည့်ကိစ္စဖြစ်သည်။ တတိယတစ်ခုမှာ လူသားတို့အကြောက်ဆုံးအကြောင်းအရာဖြစ်သည်။ နောက်တစ်ပတ်တွင် အေအိုင်နည်းပညာ၏ အကျိုးဆက်ဇာတ်လမ်းများကို ဆက်လက်တင်ပြသွားပါမည်။


