ရန်ကုန်   ဇွန်   ၂၁

အားကစားရေးရာဝန်ကြီးဌာနအားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မွေအားကစားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကစ်ဘောက်ဆင်အဖွဲ့ချုပ်တို့က ကျင်းပသည့် အိုလံပစ်နေ့အထိမ်းအမှတ် မွေ၊ ကစ်ဘောက်ဆင်၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီ က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားရုံ၌ ကျင်းပသည်။

ဦးစွာ မွေအားကစားပြိုင်ပွဲများတွင် နိုင်အောင်ထိုး(Smart Fight)က ဗညားရဲ(BFC)ကို အမှတ်ဖြင့်လည်းကောင်း၊ ထွန်းလင်းအောင်(Smart Fight)က ကောင်းခန့်ကျော်(ပဲခူးကလပ်)ကို အမှတ်ဖြင့်လည်းကောင်း၊  ရှင်းထက်(ဇာထက် မိတ္ထီလာ)က ရဲနိုင်ထွန်း(MK1)ကို အမှတ်ဖြင့် အနိုင်ရရှိသွားကြသည်။ ဆက်လက်၍ ကစ်ဘောက်ဆင်ပြိုင်ပွဲတွင် စောသမူး(MI)က အောင်ကိုကိုထွန်း (STL)ကို လည်းကောင်း၊ မကျည်းပင်(ပဲခူးကလပ်)က ပုဏ္ဏားပျံ(ဇာထက်မိတ္ထီလာ)ကို   အလဲထိုးဖြင့်လည်းကောင်း၊ အာကာဗိုလ်(ပဲခူးကလပ်)က အောင်ကိုလတ်(Ray)ကို အမှတ်ဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။

ထို့နောက်  Myanmar Fight   ရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင် အာကာမင်း(ပဲခူးကလပ်)နှင့် လင်းလက်ကြယ်(ဇာမဏိမောင်)၊ မြင့်မြတ်မောင်(YMA)နှင့် စစ်ဟိန်း(ဇာထက်မိတ္ထီလာ)၊ ဖိုးခွားစိ(ပဲခူးကလပ်)နှင့် ရွှေဝမ်ရေ(Super Unleashed)တို့ပြိုင်ပွဲများတွင် အလူးအလဲဖြင့် ပူးတွဲသရေကျခဲ့သည်။ ဆုပေးပွဲတွင် မွေအားကစားနည်းကို  မြန်မာနိုင်ငံမွေအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့် အမှုဆောင်များ၊  ကစ်ဘောက်ဆင်ပြိုင်ပွဲကို   မြန်မာနိုင်ငံ   ကစ်ဘောက်ဆင်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ရန်နိုင်နှင့်အမှုဆောင်များ၊  မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို  မြန်မာနိုင်ငံ  ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာတင်အောင်လွင်နှင့်  အမှုဆောင်များက အသီးသီးဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။                                    

ဗလ