နေပြည်တော် ဇွန် ၂၂
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အများပြည်သူ ဘတ်စ်လိုင်းကားပြေးဆွဲပေးနိုင်ရေး၊ တရားမဝင် မော်တော်ဆိုင်ကယ်များကို လိုင်စင်ပြန်လည်ပြုလုပ်ပေးနိုင်ရေး၊ ကမ်းထိန်းနံရံများ ဆောင်ရွက်ပေးနိုင်ရေး၊ ဆေးရုံအဆင့်တိုးမြှင့်ပေးနိုင်ရေးနှင့် ဆရာဝန်နှင့် သူနာပြုလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်း (၅) ခု မေးမြန်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ကျိုက်လတ်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ကြီး၏ နေပြည်တော်ကောင်စီနယ်မြေတွင် အများပြည်သူ ဈေးနှုန်းချိုသာစွာဖြင့် သွားလာနိုင်သည့် ဘတ်စ်လိုင်းကားများပြေးဆွဲပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က နေပြည်တော်တွင် လက်ရှိမော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မြို့တွင်း)၏ ကြီးကြပ်မှုဖြင့် ရွှေသပြေ၊ ရွှေအောင်လံ၊ ရွှေပြည်သစ် ယာဉ်လိုင်း ၃ လိုင်းမှ Light Truck ယာဉ်များဖြင့် ပျဉ်းမနား-မြို့မဈေး၊ ပျဉ်းမနား-မြို့မဈေး-တောင်ညို၊ ပျဉ်းမနား-တပ်ကုန်း ခရီးစဉ်များသို့ နေ့စဉ်ပြေးဆွဲပေးလျက်ရှိပါကြောင်း၊ တော်ဝင်ယာဉ်အသင်းက လမ်းကြောင်း (၄) ခုကို Bus ကားများဖြင့် ပြေးဆွဲလျက်ရှိပါကြောင်းနှင့် “ရာဇာမင်း” ခရီးသည်ပို့ဆောင်ရေးယာဉ်အသင်းက EV Bus ကားများဖြင့် မြို့တွင်းယာဉ်လိုင်းပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
မင်းလှမဲဆန္ဒနယ်မှ ဦးရဲထွဋ်အောင်၏ တစ်နိုင်ငံလုံးရှိ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား အခွန်ငွေ သတ်မှတ်ပေးသွင်းစေပြီး ဥပဒေနှင့်အညီ တရားဝင် လိုင်စင်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် သံတောင်ကြီးမဲဆန္ဒနယ်မှ ဦးစောဟေသားကြီး၏ လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ပြန်လည်ပြုလုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ၊ လုပ်ပေးနိုင်ပါက ဘယ်ချိန်ကာလတွင် စတင်ပြုလုပ်ပေးမည်နှင့် မလုပ်ပေးနိုင်ပါက အဘယ်ကြောင့် မလုပ်ပေးနိုင်ခြင်းကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မြန်မာနိုင်ငံအတွင်း ရောက်ရှိနေသော တရားမဝင်မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များသည် ဥပဒေနှင့် မညီသည့်အတွက် အထောက်အထားများ တင်ပြနိုင်ခြင်းမရှိပါသဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေး၍ မရပါကြောင်း ပြန်လည်ဖြေကြားသည်။
ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၏ တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများ မိုးရာသီတွင် ကမ်းပါးများ ရေတိုက်စားမှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် သစ်ဆိန်ပင်ကျေးရွာ ပေ (၈၅ဝ)၊ ဖောင်းတောကျေးရွာ ပေ(၁၅ဝဝ)၊ အနော်ရထာရပ်ကွက် တံတားအထက် ပေ (၁ဝဝဝ) -တံတားအောက် ပေ (၁၅ဝဝ)၊ လက်ပံကုန်းကျေးရွာ ပေ(၇ဝဝ)၊ ရှောက်ကုန်းကျေးရွာ ပေ (၉ဝဝ) တို့အား ကမ်းထိန်းနံရံများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ရေတို၊ ရေရှည် အစီအမံများချမှတ်၍ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အတွင်းရှိ အနော်ရထာရပ်ကွက်၊ နဝင်းချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ သစ်ဆိန်ပင်ကျေးရွာ ရေကြီးရေလျှံချောင်းပေါက်ထွက်မှု ကာကွယ်ရေးလုပ်ငန်းများအတွက် ခန့်မှန်းကုန်ကျစရိတ် တင်ပြတောင်းခံခဲ့ရာ ရန်ပုံငွေလျာထားပါဝင် ခြင်းမရှိသည့်အတွက် နောင်လာမည့် ဘဏ္ဍာရေးနှစ်တွင် ဆက်လက်တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ကမ်းပြိုနေရာများဖြစ်သည့် ဖောင်းတောကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ရှောက်ကုန်းကျေးရွာတို့ကိုလည်း ကွင်းဆင်းတိုင်းတာစစ်ဆေး၍ ဆောင်ရွက်သင့်သည့် အစီအမံများနှင့်အတူ ဘဏ္ဍာရန်ပုံငွေရရှိရေး ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်ချိန်တွင် နည်းပညာအကူအညီများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ခရမ်းမဲဆန္ဒနယ်မှ ဦးဝင်းဆွေ၏ ခရမ်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံ (၁)ခု၊ ကျီနီချောင် တိုက်နယ်ဆေးရုံ၊ ကမာမတ်တိုက်နယ်ဆေးရုံနှင့် ပိန်းကန်တိုက်နယ်ဆေးရုံ (၃) ရုံရှိပြီး ဆရာဝန် ၁၁ ဦးနှင့် သူနာပြု ၂ဝ လိုအပ်လျက်ရှိပါသဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ကျီနီချောင်တိုက်နယ်ဆေးရုံ၊ ကမာမတ်တိုက်နယ်ဆေးရုံနှင့် ပိန်းကန်တိုက်နယ်ဆေးရုံတို့တွင် ဆရာဝန်နှင့်သူနာပြုများ တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ထို့အပြင် တိုက်နယ်ဆေးရုံတိုင်းတွင် အနည်းဆုံးဆရာဝန်တစ်ဦး ထားရှိနိုင်ရေး မူအရ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရမ်းပြည်သူ့ဆေးရုံ၏ ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်အပေါ် မူတည်ပြီး လက်ထောက်ဆရာဝန်များ ထပ်မံခန့်ထားနိုင်ရေး စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုလအတွင်း သစ်လွင်သူနာပြုများအား ခန့်ထားသည့် အချိန်တွင် သူနာပြု ၆ ဦးအား ခွဲဝေခန့်ထားပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
တန့်ယန်းမဲဆန္ဒနယ်မှ ဦးစိုင်းဆန်စိန်၏ တန့်ယန်းမြို့ ပြည်သူ့ဆေးရုံအား (၂၅) ခုတင်ဆံ့ ဆေးရုံမှ ခုတင် (၅ဝ) ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့တွင် (၂၅) ခုတင်ဆံ့ မြို့နယ်ဆေးရုံ (၁) ရုံ၊ ဝိန်းကောင်တိုက်နယ်ဆေးရုံ၊ မန်ပန်တိုက်နယ်ဆေးရုံ၊ မန်ကတ်တိုက်နယ်ဆေးရုံနှင့် မိုင်းကောင်တိုက်နယ်ဆေးရုံ စုစုပေါင်း ဆေးရုံ (၅) ရုံ ဖွင့်လှစ်ထားရှိပြီးဖြစ်ပြီး တန့်ယန်းမြို့ ပြည်သူ့ဆေးရုံ၏ ခုတင်အသုံးပြုမှုရာခိုင်နှုန်းမှာ သတ်မှတ်ထားသောမူအရ ပြည့်မီရန် လိုအပ်လျက်ရှိသဖြင့် လတ်တလော ခုတင် (၅၀) ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။
ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးခင်မောင်ထွန်း၏ ဖောင်းပြင်မြို့ ခုတင် (၅ဝ) ဆံ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး တစ်ဦးသာရှိပြီး သွားဆရာဝန်နှင့်အတူ ဆေးပညာရှင်ဝန်ထမ်းများ လိုအပ်လျက်ရှိပါသဖြင့် တာဝန်ချခန့်ထားပေးမည်ဆိုပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ဖောင်းပြင်မြို့ ခုတင် (၅၀)ဆံ့ ဆေးရုံအတွက် သွားဆရာဝန်တစ်ဦးအား ယခုနှစ်အတွင်း တာဝန်ချထားပေးသွားမည်ဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်နှင့်အညီ ကျန်သူနာပြုနှင့် ကျွမ်းကျင်ဝန်ထမ်းများအား တာဝန်ချထားပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
စဉ့်ကိုင်မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ စဉ့်ကိုင်မြို့နယ် ရွှေလှံဗိုလ် (ကံအောက်) ကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ခု လိုအပ်လျက်ရှိပါသောကြောင့် တိုက်နယ်ဆေးရုံအဖြစ် ခွင့်ပြုဆောင် ရွက်ပေးနိုင်ခြင်းအစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက စဉ့်ကိုင်မြို့နယ်၊ ရွှေလှံဗိုလ် (ကံအောက်) ကျေးရွာသည် ရွာဘိုကျေးလက်ကျန်းမာရေးဌာနနှင့် နတ်ရေကန် ကျေးလက်ကျန်းမာရေးဌာနခွဲများမှ စောင့်ရှောက်မှုပေးနေသော ကျေးရွာတစ်ရွာဖြစ်ပြီး ယခုအဆိုပြုနေရာတွင် တိုက်နယ်ဆေးရုံ ဖွင့်လှစ်နိုင်ရေးအတွက် အခြေခံသတ်မှတ်ချက်များဖြစ်သော ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ထားရှိပြီးသော ကျေးရွာဖြစ်ရမည်ဆိုသည့်အချက်နှင့် လမ်းပန်းဆက်သွယ်ရေးအရ မြို့နယ်ဆေးရုံများသို့ လာရောက်ရန် ခက်ခဲသော နယ်မြေဖြစ်ရမည်ဆိုသည့် လိုအပ်ချက်များရှိနေပါသဖြင့် လက်ရှိအချိန်တွင် ခွင့်ပြုဆောင် ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ဇွန် ၂၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


