ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေစဉ်အတွင်း Phoenix သတင်းဌာန၊ Phoenix TV မှ Ms. Liu Meixi ၏ တွေ့ဆုံမေးမြန်းမှုများကို ဇွန် ၁၉ ရက်က လက်ခံဖြေကြားခဲ့သည်။ ထိုသို့ Phoenix သတင်းဌာန၏ မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်-

တွေ့ဆုံမေးမြန်းသူ။    ပထမဆုံးအနေနဲ့သမ္မတကြီးကို အခုလိုသာယာလှပတဲ့ဟန်ကျိုးမှာ ကျွန်မ မေးမြန်းခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မအနေနဲ့ နိုင်ငံတကာမီဒီယာတွေမှာ သမ္မတကြီးပြောဆိုခဲ့တဲ့ မိန့်ခွန်းတွေ၊ ပြောဆိုမှုတွေ၊ ဖြေကြားမှုတွေကိုလေ့လာ တွေ့ရှိရပါတယ်။ ပထမဆုံးမေးချင်တဲ့ မေးခွန်းလေးကတော့ ဒီမီဒီယာတွေမှာ ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး သမ္မတကြီးက တိုင်းပြည်အပေါ်စေတနာထားသူ၊ တိုင်းပြည်အတွက် လက်ရှိကာလမှာရော၊ နောင်အနာဂတ်မှာပါ တိုင်းပြည်ကောင်းအောင် အဓိကဦးစားပေးပြီး စေတနာထားဆောင်ရွက်ချင်တဲ့ နိုင်ငံရေးပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒီမှတ်ချက်ပေးမှုနဲ့ပတ်သက်ပြီး သမ္မတကြီးအနေနဲ့ ဘယ်လို မြင်ပါသလဲရှင့်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်။ ခေါင်းဆောင်တစ်ယောက်၊ ဘယ်ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ဘယ် Level မှာပဲဖြစ်ဖြစ် ခေါင်းဆောင်ဆိုတာတော့ သူတာဝန်ယူရတဲ့ လုပ်ငန်းအပေါ်မှာ၊ ဌာနအပေါ်မှာ ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတဲ့စိတ်ရှိရင် အဲဒီလုပ်ငန်းတို့၊ ဌာနတို့က အမြဲတမ်းတိုးတက်ပါတယ်။ ဒါက ကောင်းအောင်လုပ်မယ်ဆိုတဲ့စိတ်၊ ကောင်းတဲ့စိတ်မွေးတာပါ။ ကျွန်တော်လည်းဒီလိုပါပဲ၊ အရင်က ကျွန်တော်တာဝန်ယူခဲ့တဲ့ဌာနမှာဆိုရင် ကျွန်တော် ဘယ်လိုကောင်းအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ပဲ လုပ်ခဲ့ပါတယ်။ အောက်ခြေ Level ကနေစပြီးတော့ အဆင့်မြင့်တာဝန်ထမ်းဆောင်တဲ့အထိ ဒီလိုပဲလုပ်တယ်။

အခု နိုင်ငံတော်တာဝန်ယူတဲ့အခါမှာလည်း နိုင်ငံတော်ကို ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတဲ့ စိတ်နဲ့ လုပ်ပါတယ်။ စိတ်ကူးဆိုတာရှိတယ်၊ ဒီလိုလုပ်ရင် ဘယ်လိုဖြစ်နိုင်မလဲဆိုတာရှိကြတယ်၊ ဒါကို ရအောင်အကောင်အထည်ဖော်ရတယ်၊ အဲဒီမှာ ခိုင်မာတဲ့စိတ်ရှိဖို့လိုတယ်၊ သူများပြောရင် ဟုတ်နိုးနိုး ဒီလိုလုပ်နေလို့တော့မရဘူး။ ကိုယ်ဘာလုပ်ချင်တာလဲ၊ လုပ်ချင်တာက မှန်ဖို့လည်းလိုတယ်၊ မမှန်ရင် ဒီဟာက အကျိုးရှိမှာမဟုတ်ဘူး။ ပြဿနာတွေ ရှိလာလိမ့်မယ်၊ ဖြစ်ပျက်နေတဲ့ကဏ္ဍတွေမှာ ကြည့်လိုက်ရင် ဒီအတိုင်းပဲ ကျွန်တော်တွေ့တယ်၊ ဒီလိုစိတ်ရင်းနဲ့ လုပ်တယ်လို့ ကျွန်တော်ပြောချင်တာပါ။

တွေ့ဆုံမေးမြန်းသူ။    မေးခွန်းနဲ့ ပတ်သက်ပြီး သမ္မတကြီးအခုဖြေခဲ့တာကို အားရကျေနပ်မိပါတယ်။ ကျွန်မအနေနဲ့ ၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံကို ရောက်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံဟာဆိုရင် သဘာဝအရင်းအမြစ်တွေနဲ့ပြည့်စုံပြီး နယ်ပယ်ပေါင်းစုံမှာ တိုးတက်နိုင်တဲ့ အလားအလာတွေ အများကြီးရှိနေပါတယ်။ ဒီအလားအလာတွေအထဲမှာမှ ၂၀၂၆ ခုနှစ်မှာ သမ္မတကြီးအနေနဲ့ ပြည်သူလူထုတွေရဲ့ လူနေမှုဘဝ၊ အသက် အိုးအိမ်စည်းစိမ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လို နယ်ပယ်၊ အခန်းကဏ္ဍတွေကနေ ဆောင်ရွက်သွားမလဲဆိုတာကို သိရှိလိုပါတယ်ရှင့်။

နိုင်ငံတော်သမ္မတ။ ကျွန်တော်တို့ဆီမှာ သဘာဝအရင်းအမြစ်တွေရှိတယ်၊ ထုတ်ကုန်ပစ္စည်းတွေ ရှိတယ်၊ နှစ်မျိုးရှိပါတယ်။ နောက်ပြီး လူသားအရင်းအမြစ်တွေရှိတယ်။ ဒီသုံးခုကို ဘယ်လိုအသုံးချမလဲ စဉ်းစားရပါတယ်။ ကျွန်တော့်ရဲ့မူဝါဒကတော့ သဘာဝအရင်းအမြစ်တွေ၊ ထုတ်ကုန်ပစ္စည်းတွေကို ကုန်ကြမ်းအနေနဲ့ရောင်းတာမျိုး မနှစ်သက်ဘူး။ ဒီဟာကို တစ်ဆင့်မြှင့်ပြီး တန်ဖိုးမြှင့်ပြီးသွားတာမျိုး ဖြစ်အောင်လုပ်ရမယ်။ ဘာလဲဆိုတော့လုပ်ငန်းတွေ တိုးချဲ့ပေးတဲ့သဘော၊ အလုပ်အကိုင်တွေပိုရအောင် လုပ်ပေးတဲ့သဘောပါ။ ကျွန်တော်တို့ဆီမှာ စိုက်ပျိုးရေး ထုတ်ကုန်တွေရှိတယ်၊ တွင်းထွက်ပစ္စည်း၊ မြေပေါ် မြေအောက်သယံဇာတပစ္စည်းတွေရှိတယ်။

ခုနကပြောတဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာဆိုရင် စိုက်ပျိုးရေးထုတ်ကုန်တွေကို အားပေးရမယ်။ ဒါတွေ လုပ်နိုင်ဖို့ဆိုရင် အသေးစား၊ အငယ်စား၊ အလတ်စား (MSME)လုပ်ငန်းတွေကို အားပေးမှရမယ်။ ဒီလို လုပ်နိုင်ရင် အခြေခံလူတန်းစားတွေအတွက် အလုပ်တွေအများကြီးရမယ်။ နောက်တစ်ခုက နည်းပညာနဲ့ ပတ်သက်တာတွေလည်း ကျွန်တော်တို့ တစ်ဆင့်သွားမယ်၊ မသွားလို့လည်းမရဘူး၊ ဒီခေတ်က ကျန်ခဲ့လို့မရဘူး၊ နည်းပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ၊ ဥပမာ စိုက်ပျိုးရေးလုပ်ငန်းဆိုရင် နည်းပညာနဲ့သွားတဲ့ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စက်မှုတို့ဆိုရင်လည်း နည်းပညာနဲ့လုပ်တဲ့လုပ်ငန်း၊ ဒီလိုသွားမှရမှာပါ။ ဒီလိုအားပေးမှ ပြည်သူတွေကလည်း အလုပ် အကိုင်အခွင့်အလမ်းတွေ များများရပြီးတော့ ဝင်ငွေရလာရင် သူတို့ရဲ့ ဥစ္စာဓနကြွယ်ဝမှုနဲ့ သူတို့ရဲ့လူမှုစီးပွားက တက်လာလိမ့်မယ်။ တိုင်းပြည်က တက်လာမယ့်သဘောပါ။ ဒါကို ကျွန်တော်ကဦးတည်ပါတယ်။

တွေ့ဆုံမေးမြန်းသူ။    ဒီသုံးသပ်ချက်အပေါ်မှာလည်း လယ်ယာစိုက်ပျိုးရေးထုတ်ကုန်တွေကို တိုးမြှင့် ထုတ်လုပ်ပြီးတော့ ပြည်သူလူထုရဲ့ လူနေမှုဘဝတွေ ဖွံ့ဖြိုတိုးတက်ဖို့ ဆောင်ရွက်မယ်လို့ သမ္မတကြီး အနေနဲ့ ပြောသွားတာကို ကျေးဇူးတင်ပါတယ်။ ဆက်စပ်မေးလိုတာကတော့ ကျွန်မတို့ တရုတ်-မြန်မာနှစ်နိုင်ငံရဲ့ စီးပွားရေးစင်္ကြံအကြောင်းဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်မှာ ၇၆ နှစ် တိုင်ခဲ့ပြီဖြစ်တဲ့တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးကနေ ခုနက သမ္မတကြီး ပြောကြားခဲ့တဲ့ ထုတ်ကုန်တွေကို ဒီစီးပွားရေးစင်္ကြံ Platform ကို အသုံးပြုပြီးတော့ ဘယ်လိုအခန်းကဏ္ဍကနေ ဆောင်ရွက်သွားမလဲရှင့်။

နိုင်ငံတော်သမ္မတ။     ကျွန်တော်တို့မှာ ရှည်လျားတဲ့ သမိုင်းကြောင်းတွေရှိတယ်၊ ၇၆ နှစ်ဆိုတဲ့ သံတမန်ဆက်ဆံရေးပါ၊ ဒါပေမဲ့ ကျွန်တော်တို့ဆက်ဆံတာ နှစ်ပေါင်းများစွာရှိပါပြီ၊ ဟိုးအရင်ကတည်းက ကူးသန်းရောင်းဝယ်မှုတွေလုပ်ခဲ့ကြတယ်၊ ဒါတွေကို အသုံးချရမှာပါ၊ ခုနကပြောတဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ၊ မွေးမြူရေးထုတ်ကုန်တွေ၊ သယံဇာတပစ္စည်း ထုတ်ကုန်တွေ၊ ဒါတွေကို မြန်မာနိုင်ငံမှာ ကုန်ချောအဖြစ်ထုတ်ပြီးတော့ တရုတ်နိုင်ငံကို တင်ပို့တာမျိုးပါ။ တရုတ်နိုင်ငံက ကြီးမားတဲ့ဈေးကွက်ကြီးပါ။ ခင်ဗျားတို့ နိုင်ငံက လူဦးရေ သန်းပေါင်း ၁၄၀၀ ကျော်လောက်ရှိတယ်၊ ကျွန်တော်တို့အတွက် ကြီးမားတဲ့ဈေးကွက် ကြီးတစ်ခုဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က အသုံးချဖို့လိုတယ်။

ရောင်းတယ်ဆိုတာလည်း သုံးတဲ့သူက အသုံးလိုဖို့ လိုအပ်ပါတယ်။ အသုံးလိုတဲ့ပစ္စည်းကို ကျွန်တော်တို့က ထုတ်ပေးနိုင်ဖို့လိုတယ်၊ ခင်ဗျားတို့လိုအပ်တာကို ကျွန်တော်တို့က ထုတ်ပြီးရောင်းနိုင်ရမယ်၊ ဒါကို ကျွန်တော်တို့က ရအောင်အကောင်အထည်ဖော်ရမှာပါ။ ကျွန်တော် အခုလာတဲ့ခရီးစဉ်မှာ နှစ်ဖက်ကုန်သွယ်မှုမြှင့်တင်ဖို့၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံပြီး အလုပ်လုပ်ဖို့၊ ရင်းနှီးမြှုပ်နှံပြီးထွက်လာတဲ့ပစ္စည်းကို တရုတ်နိုင်ငံကို ပြန်ရောင်းတာလည်း ဖြစ်ရင်ဖြစ်မယ်၊ တခြားနိုင်ငံကို ရောင်းတာလည်း ဖြစ်ရင်ဖြစ်မယ်၊ မြန်မာနိုင်ငံမှာ ရောင်းတာလည်း ဖြစ်ရင်ဖြစ်မယ်၊ ဒီလိုသွားရမှာပါ။

ဒီလိုလုပ်မယ်ဆိုရင် ဒီစီးပွားရေးစင်္ကြံက အလုပ်ဖြစ်ပါတယ်။ စီးပွားရေးစင်္ကြံက အောင်မြင်တယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့ အဲဒီလမ်းကြောင်းဟာ ချောမွေ့နေဖို့တော့လိုတယ်၊ လုံခြုံချောမွေ့နေဖို့လိုတယ်၊ လုံခြုံချောမွေ့နေအောင် ကျွန်တော်တို့ဖန်တီးရမယ်၊ ရထားလမ်းတွေ၊ ကားလမ်းတွေကောင်းအောင် ကျွန်တော်တို့လုပ်ပေးရမယ်၊ နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်မှုတွေ၊ နယ်စပ်ဒေသ ကူးသန်းရောင်းဝယ်မှုတွေ အကုန်ကောင်းအောင်လုပ်ပေးရမယ်။ ဒီခေတ်က နည်းပညာခေတ်ဖြစ်တဲ့အတွက် နည်းပညာကို အသုံးချပြီးတော့မှ ကူးလူးဆက်ဆံမှုတွေ လုံလုံခြုံခြုံနဲ့ ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ပေးရမယ်။ သာမန်ဈေးရောင်းဈေးဝယ်မျိုးတော့ လုပ်လို့မရဘူး။ ကဏ္ဍပေါင်းစုံကနေ လုပ်ရမယ့်ဟာတွေရှိပါတယ်။ တော်တော်လေးကျယ်ပြန့်ပါတယ်။ ဒါကို ကျွန်တော်တို့က ခိုင်ခိုင်မာမာဖြစ်ဖို့ရည်ရွယ်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်းသူ။    ကျေးဇူးတင်ပါတယ်။သမ္မတကြီးအနေနဲ့ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး ကုန်သွယ်မှုနဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကို တိုးတက်အောင် ဆောင်ရွက်သွားမယ်ဆိုပြီး ပြောခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး သမ္မတကြီးကို မေးမြန်းလိုတာက တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်လာနိုင်ဖို့အတွက် မြန်မာနိုင်ငံအစိုးရအနေနဲ့ တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေအတွက် သက်သာတဲ့ မူဝါဒတွေ၊ ထောက်ပံ့မယ့်မူဝါဒတွေနဲ့ မြန်မာ့ဈေးကွက်ကို သတိထားမိအောင် ဘယ်လိုမျိုးဆောင်ရွက်ဖို့ ရှိပါသလဲ။ နိုင်ငံတကာဈေးကွက်နဲ့ အာဆီယံဈေးကွက်မှာ ဝင်ဆံ့မှုအတိုင်းအတာတို့နဲ့ ပတ်သက် ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုမူဝါဒတွေ စဉ်းစားထားတာရှိပါသလဲ။

နိုင်ငံတော်သမ္မတ။     မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံက အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမှုမှာ တရုတ်နိုင်ငံက အများဆုံးဖြစ်ပါတယ်။ ကုန်သွယ်ဖက်မှာလည်း ကျွန်တော်တို့အတွက် အကြီးဆုံးနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုမှာလည်း တရုတ်နိုင်ငံက အများဆုံး နိုင်ငံပါ။ ဒါကို ဆက်လက်ပြီးတိုးချဲ့ဖို့ ရည်ရွယ်တာပါ။ ခင်ဗျားတို့နိုင်ငံမှာ ကြီးမားတဲ့ဈေးကွက်ကြီးရှိသလိုပဲ ကျွန်တော်တို့နောက်မှာလည်း လူဦးရေ သန်းပေါင်း ၁၄၀၀ ကျော်ရှိတဲ့ ကမ္ဘာမှာ လူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံရှိတယ်။ ပြီးတော့ လူဦးရေသန်းပေါင်း ၁၆၀ လောက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိတယ်။ လူဦးရေသန်းပေါင်း ၇၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံရှိတယ်။ ခုနကပြောတဲ့ အာဆီယံနိုင်ငံတွေ တစ်ဆက်တည်းပါ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အရှေ့ဘက်သွားရင် ကမ္ဘောဒီးယား၊ လာအိုတို့ ရှိပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လာလုပ်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုဥပဒေရှိတယ်၊ နိုင်ငံတကာမှာတော့ ဒေါ်လာငွေကြေးသုံးကြတယ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအတွက် ယွမ်ငွေကိုလည်း ဥပဒေအရပေးထားတယ်၊ လာတဲ့စီးပွားရေးလုပ်ငန်းရှင်တွေ ဗီဇာနဲ့ပတ်သက်ပြီး ကန့်သတ်ချက်လုပ်မထားဘူး၊ အကုန်ဆောင်ရွက်ပေးတယ်၊ One Stop Service တွေ လုပ်ပေးထားတယ်။ အခက်အခဲတွေမဖြစ်အောင်ပါ။ ဥပဒေအရလည်း အကာအကွယ်အကုန်ပေးထားပါတယ်။ ဒါကို နှစ်နိုင်ငံသဘောတူပြီးသားရှိတယ်။

ကျွန်တော်တို့နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ထွက်လာတဲ့ ထုတ်ကုန်ပစ္စည်းတွေကို အနောက်ဘက်ကိုသွားမလား၊ အာဆီယံဈေးကွက်ကို သွားမလား၊ ဒီလိုသွားလို့ရတယ်။ အနောက်ဘက်ဆို အိန္ဒိယရှိတယ်၊ ဘင်္ဂလားဒေ့ရှ်ရှိတယ်၊ ပြီးတော့ ပင်လယ်ရေကြောင်းကနေသွားလို့ရတဲ့ လမ်းကြောင်းတွေလည်း အများကြီးရှိတယ်၊ ဒါကို ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ်၊ ဥပဒေအရလည်း အကာအကွယ်ပေးထားတယ်။ သို့သော်လည်း သီးခြားတော့ အကာအကွယ်ပေးလို့မရဘူး။ ဥပဒေဆိုတာ အဖွဲ့အစည်းတစ်ခုကို သီးခြားကာကွယ် ပေးလို့မရပါဘူး။ အကုန်လုံးနဲ့တူညီတဲ့အခွင့်အရေးပေးရမယ်။ နိုင်ငံပေါင်းများစွာ ဆက်ဆံရတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ လုပ်မယ်ဆိုရင် အောင်မြင်မှုရလိမ့်မယ်၊ တရုတ်နိုင်ငံအတွက်လည်း အထောက်အကူရလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ခုနက တစ်ချက်ကျန်ခဲ့တာက နယ်စပ်မှာ ကုန်သွယ်မှုအတွက် ပေးချေတဲ့အခါ ယွမ်ငွေနဲ့ကျပ်ငွေ ပေးချေခွင့်ပေးထားပါတယ်။ တရုတ်ကုန်သည်တွေက မြန်မာနိုင်ငံကပစ္စည်းဝယ်မယ်ဆို ယွမ်နဲ့ပေး၊ ဘဏ်ချင်းလည်းသဘောတူပြီးသားရှိတယ်၊ ခွင့်ပြုထားပါတယ်။ ကျွန်တော့်လက်ထက်မှာ စပြီးခွင့်ပြုခဲ့ တာဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်းသူ။    ဟုတ်ကဲ့ပါ။ ဒါက ကျွန်မ စိတ်ဝင်စားတဲ့ နယ်ပယ်လည်းဖြစ်ပါတယ်။ ဒီလို ယွမ်ငွေနဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံခွင့်ပေးလိုက်တာကိုလည်း ကျွန်မတို့အနေနဲ့ စိတ်ဝင်စားမှုရှိပါတယ်။ ဒီအပေါ်မှာ သမ္မတကြီးအနေနဲ့ ယွမ်ငွေနဲ့ ရင်းနှီးမြှုပ်နှံတဲ့အတွက် မြန်မာနိုင်ငံရဲ့ GDP ဘယ်လောက် တိုးတက်လာနိုင်တယ်လို့ သုံးသပ်ထင်မြင်ပါသလဲရှင့်။

နိုင်ငံတော်သမ္မတ။     GDP ဆိုတာကတော့ အခြေအနေသုံးရပ်အပေါ် မူတည်ပါတယ်။ လယ်ယာ ကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနဲ့ ဝန်ဆောင်မှုကဏ္ဍကြီး အပေါ်မှာမူတည်ပြီး တက်လာတာပါ။ သို့သော် တစ်ခုလုပ်လိုက်တာနဲ့ ဆင့်ကဲဆင့်ကဲပါလာတဲ့ အကျိုးဆက်တွေရှိတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ GDP က နည်းပါတယ်။ တရုတ်နိုင်ငံရဲ့ ပြည်နယ်အဆင့်ဆိုရင်တောင် ကျွန်တော်တို့နိုင်ငံထက် များပါ တယ်။

ကျွန်တော်တို့က ဒီထက်ပိုပြီး တိုးတက်အောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုကနေလုပ်တာ ရှိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း Production ကို တိုးချဲ့မှရမယ်။ အဲဒီလိုတိုးချဲ့မှ GDP က တက်လာပါမယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့အတွက် ကြောင့် ကဏ္ဍပေါင်းစုံက ထုတ်လုပ်မှုတွေများလာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာမယ်။ အဲဒါနဲ့ဆက်စပ်ပြီး နောက်ဆုံး ဝန်ဆောင်မှုမှာတက်လာမယ်။ ဒါက ထပ်ဆင့်တက်လာမယ့်ကိစ္စဖြစ်တဲ့ အတွက် မှန်းရခက်ပါတယ်။ နှစ်ဆလောက်တော့ တက်လိမ့်မယ်လို့ထင်ပါတယ်။ တရုတ်နိုင်ငံနဲ့ လက်ရှိ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ခြင်းကနေ ဖြစ်လာမယ့် အကျိုးဆက်က GDP နှစ်ဆလောက်တက်လာမယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်ဆိုတော့ ကျွန်တော်တို့မှာ လုပ်နိုင်တဲ့အခွင့်အလမ်းတွေ ရှိပါတယ်။ လုပ်နိုင်ဖို့ပဲလိုတာပါ။ လုပ်နိုင်ဖို့ကိုလည်း ပူးပေါင်းဆောင်ရွက် လုပ်ရပါမယ်။ ဒါကြောင့် ဒီဟာကို ကျွန်တော် အင်မတန်အားထည့်ပြီး ဆောင်ရွက်နေတာပါ။

တွေ့ဆုံမေးမြန်းသူ။    ကျေးဇူးတင်ပါတယ် သမ္မတကြီးရှင့်။ ကျွန်မ သတင်းစဉ်တွေမှာ တွေ့ရတဲ့အတိုင်းဆိုရင် သမ္မတကြီးအနေနဲ့ တရုတ်နိုင်ငံကို လာရောက်တဲ့အချိန်မှာ တရုတ်နိုင်ငံက စက်ရုံ၊ အလုပ်ရုံနယ်ပယ် ပေါင်းစုံကိုသွားခဲ့ပါတယ်။ ဥပမာပြောရရင် အာကာသနဲ့ပတ်သက်တဲ့ပြခန်းတွေ၊ စက်ရုံအလုပ်ရုံတွေကို သွားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့နည်းပညာကို မူတည်ပြီး မြန်မာနိုင်ငံရဲ့ ဘယ်နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်လိုတယ်၊ မြှင့်တင်ဖို့ ဆန္ဒရှိတယ်ဆိုတာ ကျွန်မအနေနဲ့ သိရှိလိုပါတယ်။

နိုင်ငံတော်သမ္မတ။     တရုတ်နိုင်ငံရဲ့ နည်းပညာ မြင့်မားမှုနယ်ပယ်က အတော်လေးကိုကျယ်ပြန့် ပါတယ်။ အိုင်တီနဲ့အာကာသ၊ စက်မှုလုပ်ငန်းရှိတယ်၊ ယဉ်ကျေးမှုနဲ့ပတ်သက်တာ၊ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်တာ စတဲ့ကဏ္ဍတွေ ပေါင်းစုံရှိပါတယ်။ ပူးပေါင်းဆောင်ရွက်မှုလုပ်မယ်ဆို ကဏ္ဍပေါင်းစုံကို ပူးပေါင်းဆောင်ရွက်ရမယ့် သဘောရှိပါတယ်။ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အခြေအနေရှိအောင်လည်း ကျွန်တော်တို့ဘက်ကလည်း ကြိုးစားရမှာပါ။ တရုတ်နိုင်ငံရဲ့ နည်းပညာမြင့်မားမှုကို ကျွန်တော်တို့အနေနဲ့ လိုက်လုပ်နိုင်ဖို့လိုပါတယ်။ တရုတ်နိုင်ငံရဲ့ နည်းပညာ မြင့်မားမှုကလည်း အတော်လေးကိုမြန်ပါတယ်။ နည်းပညာတွေက အချိန်နဲ့တစ်ပြေးညီ ခဏခဏ ပြောင်းလဲနေတာပါ။

ဥပမာ ကျွန်တော် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ရောက်ခဲ့တဲ့အချိန်မှာ တချို့လုပ်ငန်းတွေ ကြည့်ခဲ့တယ်၊ ၂၀၂၅ ခုနှစ် ရောက်ခဲ့တဲ့အချိန်မှာ တချို့လုပ်ငန်းတွေကြည့်ခဲ့တယ်၊ ၂၀၂၆ ခုနှစ် ရောက်ခဲ့တဲ့ အချိန်မှာလည်း တချို့လုပ်ငန်းတွေကြည့်တယ်၊ ၂၀၂၄ ခုနှစ်အခြေအနေ၊ ၂၀၂၅ ခုနှစ်အခြေအနေတွေက ပြောင်းလဲသွားပြီ၊ ဒါပေမဲ့ ကျွန်တော်တို့က ၂၀၂၄ ခုနှစ်ရဲ့အခြေအနေရောက်အောင်တောင် အတော်လေး လုပ်ရမယ့်အခြေအနေမှာရှိပါတယ်။ ကျွန်တော်တို့ လူတွေကလည်း ပြင်ဆင်မှုလိုအပ်ပါတယ်။ ပြင်ဆင်မှုအတွက် တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုပါတယ်။ နည်းပညာကတော့ ကဏ္ဍပေါင်းစုံကနေ လုပ်ဖို့ရှိပါတယ်။ ကျယ်လည်းကျယ်ဝန်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို မျှော်မှန်းပြီး လုပ်ဆောင်ဖို့ ရှိပါတယ်။

တွေ့ဆုံမေးမြန်းသူ။    ကျေးဇူးတင်ပါတယ်။သမ္မတကြီးအနေနဲ့ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းကို လုံခြုံပြီး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ရမယ်လို့ခုနက ပြောခဲ့ပါတယ်။ အဲဒါမှ နှစ်နိုင်ငံဖွံ့ဖြိုး တိုးတက်မယ်လို့ ပြောခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သမ္မတကြီးကို မေးမြန်းလိုတာကတော့ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက် ဖို့အတွက် နယ်စပ်ဒေသ စီမံခန့်ခွဲမှုဆိုင်ရာမှာ ဘယ်လိုမူဝါဒတွေရှိတယ်၊ ပြီးတော့ မြန်မာနိုင်ငံ နယ်စပ်ဒေသမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ တရုတ်လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုအာမခံချက်မျိုး စီမံဆောင်ရွက်ဖို့ရှိပါသလဲ။

နိုင်ငံတော်သမ္မတ။     ပွင့်ပွင့်လင်းလင်းပြောရရင် လောလောဆယ်အနေအထားမှာ နယ်စပ်ဒေသလုံခြုံ အေးချမ်းရေးက အားနည်းပါတယ်။ ဒါက ကျွန်တော်တို့ နှစ်ဖက်အစိုးရတွေအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါတယ်။ နယ်စပ်ဒေသစီမံခန့်ခွဲမှုက အစိုးရနဲ့ပဲဆိုင်ပါတယ်။ အစိုးရကပဲလုပ်လို့ရတယ်။ တခြားအဖွဲ့အစည်းက ဝင်လုပ်လို့မရပါဘူး။ နယ်စပ် ဒေသစီမံခန့်ခွဲရေးသာမက နယ်စပ်ဒေသကုန်သွယ်ရေး ကိစ္စ၊ နှစ်နိုင်ငံ Cross Border Trade နဲ့ပတ်သက်ပြီး အစိုးရကပဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က ရအောင်ဖန်တီးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြစ်ပျက်နေတဲ့ပြဿနာတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် ကြိုးစားရမှာ ဖြစ်ပါတယ်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုလုံခြုံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ အများကြီးလုပ်ပေးနေပါတယ်။ အခက်အခဲရှိခဲ့တာတော့အမှန်ပါ။ အတော်လေးကျော်လွှားခဲ့ရပါတယ်။ အခုအချိန်မှာ အခြေအနေတော်တော်လေးကောင်းပါတယ်။ နိုင်ငံရေးကလည်း ပြောင်းလဲမှုတွေလုပ်ထားပါတယ်။ တချို့ကိစ္စတွေက နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ ပြဿနာတွေဖြစ်ပါတယ်။ တချို့ကိစ္စကျတော့ တိုင်းရင်းသားရေးကြောင့်ဖြစ်လာတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ ဒါတွေကို ဥပဒေနဲ့အညီ လွှတ်တော်မှာ ဖြေရှင်းရပါတယ်။ လိုအပ်တဲ့ လုံခြုံရေးအကာအကွယ်တွေကို သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက ပေးပါတယ်။ တစ်ယောက်ချင်းတော့ မပေးနိုင်ပေမယ့် ဌာနနဲ့ပတ်သက်တဲ့၊ လုပ်ငန်းနဲ့ပတ်သက်တဲ့လုံခြုံရေးကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဆောင်ရွက်ပေးပါတယ်။ ဒါနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်လည်း အရေးယူပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ ပြဿနာထဲမှာ နယ်စပ်ဒေသမှာ အွန်လိုင်းလောင်းကစားမှု ပြဿနာတွေရှိတယ်။ ဒါတွေကို နှိမ်နင်းနေတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံပူးပေါင်းပြီး နှိမ်နင်းနေတာ တွေလည်းရှိပါတယ်။ ကျူးလွန်သူတွေကိုလည်း တရုတ်နိုင်ငံကို အကုန်လွှဲပြောင်းပေးလိုက်ပါပြီ။ ဥပဒေကိုချိုးဖောက်ပြီး လာရောက်လုပ်ကိုင်မယ့် လုပ်ငန်းတွေ မလာရဲအောင်လုပ်ရမယ်။ မလုပ်နိုင်အောင်လည်းလုပ်ရမယ်။ နှစ်ဖက်လုပ်မှရမယ်၊ တစ်ဖက်တည်းကတော့ လုပ်လို့မရဘူး။ ဒါကတော့ နယ်စပ်ဒေသ Cross Border နဲ့ပတ်သက်တာပါ။ ပြည်တွင်းလုံခြုံရေးကျတော့ ကျွန်တော်တို့နဲ့ဆိုင်ပါ တယ်။ လုပ်ပေးပါတယ်၊ အဲဒီအပြင် တရုတ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး နှစ်ဖက်ပူးပေါင်းပြီး လုပ်ဆောင်တဲ့အဖွဲ့အစည်းကိုလည်း ခွင့်ပြုပေးထား ပါတယ်။ ဒီလိုမျိူး ရင်းနှီးမြှုပ်နှံမှုနဲ့ လူပုဂ္ဂိုလ်လုံခြုံရေးတွေ လုပ်ပေးထားတယ်ဆိုတာလည်း ပြောချင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ။    ဟုတ်ကဲ့၊ သမ္မတကြီးကို အခုလို မေးမြန်းခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ရှိ ပါတယ်။ သမ္မတကြီးရဲ့ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် လာမယ်ဆိုတာ ကျွန်မတို့ယုံကြည်ပါတယ်ရှင့်။

နိုင်ငံတော်သမ္မတ။ ကောင်းပါပြီ။