ရန်ကုန် ဇွန် ၂၂
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားလှုပ်ရှားမှုကို မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်က ကြီးမှူး၍ အသက် ၂၀ အောက် ဂျူဒိုအားကစားကလပ်အသင်းများ လှုပ်ရှားမှုပြိုင်ပွဲ ကို တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ ဇွန် ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပသည်။
ပြိုင်ပွဲတွင် ပဒေသာကလပ်အသင်း၊ အမျိုးသားရေကူးကန်ကလပ်အသင်း၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်း (YC) ကလပ်အသင်း၊ YG JUDO ကလပ်အသင်း၊ KAIZEN JUDO TEAM ကလပ်အသင်း၊ GOLD- EN TIGER ကလပ်အသင်း၊ SAN HTOO ကလပ်အသင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကလပ်အသင်း၊ ကြည့်မြင်တိုင် KMDE DOJO ကလပ်အသင်း၊ မြောင်းမြကလပ်အသင်း စုစုပေါင်း ကလပ်အသင်းကိုးသင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ဆုချီးမြှင့်ပွဲတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်ဥက္ကဋ္ဌ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းက အမျိုးသား အကောင်းဆုံးဆုကို ၃၂ ကီလိုတန်းမှ မောင်ကောင်းကင်မင်းဆက် (အမျိုးသားရေကူးကန် ဂျူဒိုကလပ်အသင်း)၊ အမျိုးသမီးအကောင်းဆုံးဆုကို ၄၁ ကီလိုတန်းမှ မအိချစ်စုစံ (YG ကလပ်အသင်း) တို့အား ဂုဏ်ပြုဆုများ ပေးအပ်ကြသည်။
ပြိုင်ပွဲတွင် ကလပ်အသင်း ကိုးသင်းမှ အားကစားသမား အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၃၅ ဦး စုစုပေါင်း ၁၀၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အမျိုးသား ဝိတ်တန်း ၁၂ တန်း၊ အမျိုးသမီးဝိတ်တန်း ကိုးတန်း စုစုပေါင်း ၂၁ တန်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
စောလှိုင်ဝင်း


