နေပြည်တော် ဇွန် ၂၂
နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ပြတ်ပြတ်သားသား နှိမ်နင်းတိုက်ဖျက်လျက်ရှိသည်။
ထိုကဲ့သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်း မရှိစေရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် နယ်မြေရှင်းလင်းခြင်းနှင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ ခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား နှစ်ဦးနှင့် မြန်မာ နိုင်ငံသား အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၅၉ ဦးတို့အား ဖုန်းမျိုးစုံ အလုံး ၂၀၀၊ All In One ကွန်ပျူတာ ၁၀ လုံး၊ Latop ငါးလုံး၊ ဆိုင်ကယ်မျိုးစုံ ၁၀ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


