မနီလာ  ဇွန်  ၂၂

ဖိလစ်ပိုင်နိုင်ငံ  အလယ်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ဇွန် ၂၂ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာ  သုံးဦး သေဆုံးပြီး ငါးဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တက်ကလိုဘန်မြို့ ဆန်ဟိုဆေးအမျိုးသားအထက်တန်း‌ကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊  ကနဦးစုံစမ်းစစ်ဆေးမှုများတွင်  သေနတ်ပစ်ခတ်သူ နှစ်ဦးစလုံးမှာ   အရွယ်မရောက်သေးသူများဖြစ်ကြောင်း  သိရသည်။

ဒေသတွင်းမီဒီယာများ၏ ထုတ်ပြန်ချက်အရ သေနတ်ပစ်ခတ်သူတစ်ဦးမှာ အဆိုပါကျောင်းမှ အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်းပရဝဏ်အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အခြားသံသယရှိသူမှာလည်း အရွယ်မရောက်သေးသူဖြစ်ပြီး ထွက်ပြေးရန် ကြိုးပမ်းစဉ်  ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ သေနတ်ပစ်ခတ်မှုမှာ စာသင်ကျောင်း၌ စာသင်ကြားနေစဉ်အတွင်း  ဒေသစံတော်ချိန် နံနက်   ၉  နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း  ရဲတပ်ဖွဲ့က ပြောသည်။                                                                       

ဆင်ဟွာ