ဥပဒေရေးရာဝန်ကြီးဌာန၊ e-Government ဌာနခွဲ

 

မြန်မာနိုင်ငံ၏ပထမဆုံးသော AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားစေခြင်း

 

ခေတ်မီနည်းပညာများကို အသုံးချ၍ ဥပဒေအသိပညာများကို ပိုမိုထိရောက်စွာ ဖြန့်ဝေနိုင်ရေးသည် အရေးကြီးသည့် လိုအပ်ချက်တစ်ရပ် ဖြစ်လာခဲ့သည်။ ထိုသို့သော လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence - AI) ဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံတွင် ပထမဆုံး (Pioneer) အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

 

သို့သော် AI ၏ ယုံကြည်စိတ်ချရမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဆိုင်ရာ စံနှုန်းများကို တစ်ပြိုင်နက် တည်း အလေးထားဆောင်ရွက်ရမည်ဖြစ်သည်။ AI နှင့် လူသားဥပဒေပညာရှင်များ ပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်ဥပဒေအသိပညာပေးရေးစနစ်၏ အဓိကအခြေခံအုတ်မြစ် ဖြစ်လာမည်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေဥပဒေအသိပညာပြန့်ပွားစေခြင်းသည် တရားဥပဒေစိုးမိုးရေး၏ အညွှန်းကိန်းတစ်ရပ်ဖြစ်သဖြင့် AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားစေရန် ဥပဒေရေးရာဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်နေခြင်းသည် တရားဥပဒေစိုးမိုးရေးဆီသို့ (Moving Forword to the Rule of Law) ခြေလှမ်းသစ်ဖြစ်ပါသည်။

 

ဒီဂျစ်တယ်ခေတ်၏ ဥပဒေအသိပညာဖြန့်ဝေရေး အခန်းကဏ္ဍ

 

ဒီဂျစ်တယ်နည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသော ယနေ့ခေတ်တွင် AI သည် လူ့ဘဝ၏ ကဏ္ဍအသီးသီး၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများအပြင် ဥပဒေပညာပေးရေးနယ်ပယ်တွင်လည်း AI နည်းပညာကို အသုံးချနိုင်သည့် အခွင့်အလမ်းများ တိုးပွားလာပါသည်။ ဥပဒေကို အများပြည်သူထံ ပိုမိုလွယ်ကူကျယ်ပြန့်စွာနှင့် ထိရောက်စွာ ဖြန့်ဝေပေးနိုင်ရန် AI သည် အရေးကြီးသော အထောက်အပံ့ပေးနိုင်သည့် ကိရိယာတစ်ရပ်အဖြစ် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

 

လူတိုင်း ဥပဒေအသိပညာရှိရမည်ဟူသော လမ်းညွှန်ချက်ဖြင့် တရားဥပဒေစိုးမိုးရေး (Rule of Law) နှင့် တရားမျှတမှုလက်လှမ်းမီရေး (Access to Justice) ကို အကောင်အထည်ဖော်ရာတွင် ပြည်သူများ၏ ဥပဒေသိရှိနားလည်မှုသည် အရေးပါသော အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်သည်ဟူသောအချက်ကို ထင်ရှားစွာ မီးမောင်းထိုးပြလျက်ရှိသည်။ ဥပဒေများကို သိရှိနားလည်ခြင်းဖြင့် လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို ကာကွယ်နိုင်ခြင်း၊ တာဝန်ဝတ္တရားများကို နားလည်နိုင်ခြင်းနှင့် တရားဥပဒေနှင့်အညီ ပြုမူဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပါသည်။

 

AI နည်းပညာနှင့် ဥပဒေအသိပညာပေးရေးဆိုသည်မှာ ပြည်သူများအား ၎င်းတို့၏ အခွင့်အရေး၊ တာဝန်ဝတ္တရားများနှင့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။

 

MLIS မှ AI Legal Assistant သို့

 

ဥပဒေရေးရာဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် မေလမှစတင်၍ Myanmar Law Information System (MLIS)ကို လွှင့်တင်ကာ ဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူများထံ ဖြန့်ဝေပေးလျက်ရှိပါသည်။

 

MLIS စနစ်သည် ဥပဒေများကို တစ်နေရာတည်းတွင် စုစည်းပေးထားသည့် ဒီဂျစ်တယ်ဝန်ဆောင်မှု တစ်ခုဖြစ်ပြီး ပြည်သူများ၊ ဥပဒေပညာရှင်များနှင့် သုတေသီများအတွက် များစွာအကျိုးပြုခဲ့ပါသည်။

 

ယခုအခါ AI Legal Assistant Model ကို MLIS စနစ်၏ နောက်ထပ်တိုးချဲ့မှုတစ်ရပ်အဖြစ် ဖော်ဆောင် လျက်ရှိပြီး ရှာဖွေဖတ်ရှုရုံသာမက မေးမြန်းနိုင်၊ ဖြေကြားနိုင်သည့် အသိဉာဏ်ရှိသော စနစ်တစ်ခုအဖြစ် တိုးတက်လာစေရန် ရည်ရွယ်ထားပါသည်။

 

AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေး စတင်အကောင်အထည်ဖော်

 

ဥပဒေအသိပညာများကို ပြည်သူများထံ ပိုမိုလွယ်ကူလျင်မြန်စွာ ရောက်ရှိစေရန်၊ ဥပဒေဆိုင်ရာအချက်အလက်များကို အချိန်မရွေးရှာဖွေနိုင်ပြီး အလွယ်တကူနားလည်သိရှိနိုင်စေရန်၊ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကို နည်းပညာဖြင့် အထောက်အကူပြုနိုင်ရန်အတွက် AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေး ကြီးကြပ်မှုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၅၁/၂၀၂၅) အရ စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံ တော်သမ္မတရုံး၏ ၂၄-၅-၂၀၂၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၂၆) ဖြင့် ပြင်ဆင်ဖွဲ့စည်း၍ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ်ပါဝင်လျက် ဥပဒေရေးရာဝန်ကြီးဌာနနှင့် အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

 

Myanmar Legal AI Assistant Model

 

AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်း၏ အဓိကအစိတ်အပိုင်းတစ်ရပ်မှာ မြန်မာဘာသာဖြင့် ဥပဒေဆိုင်ရာ အမေးအဖြေများကို အပြန်အလှန်ဆောင်ရွက်နိုင်မည့် AI Assistant Chatbot တစ်ခုဖြစ်သည့် Myanmar Legal AI Assistant Model တည်ဆောက်ရေးပင်ဖြစ်ပါသည်။

 

အဆိုပါ AI Model တည်ဆောက်ရေးစီမံကိန်းကို ၂၀၂၅ ခုနှစ် ဧပြီလမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဌာနတွင်းစမ်းသပ်အသုံးပြုနိုင်သည့် pilot model တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး ယခုအခါ ပိုမိုပြည့်စုံကောင်းမွန်သော model တစ်ခုအဖြစ် ဆက်လက်ဖန်တီးနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်ချက်လုပ်ငန်းစဉ်တွင် ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်လျက်ရှိပါသည်။

 

ယင်းလုပ်ငန်းစဉ်တွင် Large Language Model (LLM) နည်းပညာကို အခြေခံထားသည့် 3-Models Pipeline စနစ်ကို အသုံးပြုထားပြီး အသံမှစာသို့ ပြောင်းလဲပေးသည့် ASR (Automatic Speech Recognition)၊ ဥပဒေဆိုင်ရာမေးခွန်းများကို ဖြေကြားပေးသည့် Question Answering Model နှင့် စာမှအသံသို့ ပြန်လည်ဖတ်ကြားပေးသည့် TTS (Text-to-Speech) နည်းပညာများ ပါဝင်မည်ဖြစ်ပါသည်။

 

ထိုသို့ အသံ၊ စာနှင့် အပြန်အလှန်ဆက်သွယ်နိုင်သည့် စနစ်ဖြစ်လာပါက အသုံးပြုသူများသည် စာရိုက်စရာမလိုဘဲ မေးမြန်းနိုင်မည်ဖြစ်ပြီး AI စနစ်ကလည်း အသံဖြင့် ပြန်လည်ဖြေကြားပေးနိုင်မည် ဖြစ်ပါသည်။

 

ဥပဒေအချက်အလက် (Data)များ စုဆောင်းခြင်းနှင့် AI လေ့ကျင့်ခြင်း

 

AI Model တစ်ခု၏ အရည်အသွေးသည် လေ့ကျင့်ပေးထားသည့် အချက်အလက် (data) များ ၏ အရည်အသွေးပေါ် မူတည်ပါသည်။ ထို့ကြောင့် ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေရုံးများမှ ဥပဒေဆိုင်ရာစာတမ်းများ၊ ပြဋ္ဌာန်းချက်များ၊ နည်းဥပဒေများနှင့် ဥပဒေရှင်းလင်းချက်များ၊ ဥပဒေအမေးအဖြေများကို စုဆောင်း၍ ထည့်သွင်းလေ့ကျင့်လျက်ရှိပါသည်။

 

အထူးသဖြင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ရာဇသတ်ကြီး၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ မြေယာနှင့် သက်ဆိုင်သောဥပဒေများ စသည့်ပြည်သူများနှင့် နီးစပ်သည့် ဥပဒေကဏ္ဍများကို ဦးစားပေးစုဆောင်းလျက်ရှိပါသည်။

 

ထိုသို့ ဦးစားပေးစုဆောင်းမှုပြုသော ဥပဒေများကို အဓိကကျင့်သုံးသော ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခြင်းဖြင့် စုဆောင်းရရှိလာသော အချက်အလက်များကို AI နားလည်နိုင်သော ပုံစံသို့ပြောင်းလဲခြင်း၊ စကားလုံး ခွဲခြမ်းစိတ်ဖြာခြင်းနှင့် မေးခွန်းနှင့် အဖြေပုံစံများဖြင့် ပြန်လည်စီစဉ်ခြင်းတို့ကို ဆောင်ရွက်ကာ AI Model ကို လေ့ကျင့်ပေးလျက်ရှိပါသည်။ ထို့ပြင် AI ထုတ်ပေး သော အဖြေများ၏ မှန်ကန်မှုကို ဥပဒေပညာရှင်များက ပြန်လည်စစ်ဆေး၍ Human Feedback ရယူကာ အရည်အသွေးမြှင့်တင်ပေးလျက်ရှိပါသည်။

 

ပြည်သူလူထုအတွက် ရရှိမည့် အကျိုးကျေးဇူးများ

 

AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက ပြည်သူများအတွက် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ပါသည်။ ဥပဒေဆိုင်ရာ မေးခွန်းများကို အချိန်မရွေးမေးမြန်းနိုင်မည်ဖြစ်ပြီး တည်နေရာအကန့်အသတ်မရှိ အသုံးပြုနိုင်ခြင်း၊ ဥပဒေများကို ရှာဖွေဖတ်ရှုရာတွင် အချိန်ကုန်သက်သာစေခြင်း၊ ဥပဒေဆိုင်ရာဗဟုသုတများ ပိုမိုကျယ်ပြန့်လာစေပြီး ဥပဒေအသိပညာများ တိုးစေခြင်းဖြင့် ဥပဒေလေးစားလိုက်နာမှုကို မြှင့်တင်ပေးနိုင်ခြင်းတို့အပြင် ဥပဒေပညာရှင်များ၊ အစိုးရဝန်ထမ်းများနှင့် သုတေသနပြုနေသူများအတွက်လည်း လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။

 

အနာဂတ် Smart Legal Platform သို့

 

လက်ရှိဆောင်ရွက်နေသည့် Myanmar Legal AI Assistant Model စီမံကိန်းသည် စတင်ခြင်းအဆင့်သာဖြစ်သော်လည်း အနာဂတ်တွင် Web Portal များ၊ Mobile Application များ၊ ဥပဒေရေးရာ ဝန်ကြီးဌာန၏ Website များနှင့် ချိတ်ဆက်အသုံးပြုနိုင်မည့် Smart Legal Platform တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ ထို့ပြင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသော တရားရုံးများ၊ ဥပဒေရုံးများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများတွင်လည်း အသုံးပြုနိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

AI နည်းပညာဆိုသည်မှာ လူသားများ၏ နေရာကို အလုံးစုံအစားထိုးရန် မဟုတ်ဘဲ လူသားများ၏ လုပ်ငန်းဆောင်တာများကို ပိုမိုလွယ်ကူမြန်ဆန်စေရန် အထောက်အကူပြုသည့် နည်းပညာဖြစ်ရာ AI နည်းပညာကို မှန်ကန်စွာ အသုံးချနိုင်ခြင်းသည် နိုင်ငံတော်၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအတွက် အရေးပါသော အခန်းကဏ္ဍတစ်ရပ် ဖြစ်လာမည်ဖြစ်ပါသည်။

 

ထို့ကြောင့် AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခြင်းသည် ပြည်သူများ၏ ဥပဒေဆိုင်ရာ အသိပညာဗဟုသုတ မြင့်မားလာစေရုံသာမက တရားဥပဒေစိုးမိုးပြီး တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်း ယုံကြည်မိပါသည်။ ။