ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်(၂)မှ ဇွန် ၂၃ ရက် နံနက် ၃ နာရီခွဲက ဖီလာဒဲလ်ဖီးယားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပြင်သစ်နှင့် အီရတ်အသင်းပွဲစဉ်တွင် ပြင်သစ်အသင်းက တိုက်စစ်ကစားသမား အမ်ဘာပေ၏ သွင်းဂိုးများနှင့်အတူ သုံးဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

တိုက်စစ်ကစားသမား အမ်ဘာပေသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ ပွဲတွင် သွင်းဂိုး ၁၆ ဂိုးအထိ ရှိလာပြီဖြစ်သည်။ ထို့ကြောင့်  ၎င်းသည်  ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယသွင်းဂိုးအများဆုံး ဂျာမနီတိုက်စစ်ကစားသမား ကလိုဆေး၏ ၁၆ ဂိုးစံချိန်ကို လိုက်မီခဲ့ပြီဖြစ်သည်။ ပြင်သစ်နှင့် အီရတ်အသင်းပွဲစဉ်သည် ရာသီဥတုဆိုးရွားမှုကြောင့် နှစ်နာရီကြာ ရပ်နားခဲ့ရကြောင်း သိရသည်။ 

နံနက် ၆ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် နော်ဝေနှင့် ဆီနီဂေါအသင်းပွဲစဉ်တွင် နော်ဝေအသင်းက အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါပွဲစဉ်တွင်  နော်ဝေအသင်းတိုက်စစ်ကစားသမား  ဟာလန်း ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းအတွက် နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ ပြိုင်ဘက်ဆီနီဂေါအသင်းသည် နော်ဝေအသင်းထက် ခြေစွမ်းသာလွန်မှုရှိသော်လည်း အဆုံးသတ်ပိုင်း လိုအပ်ချက်ရှိနေသည့်အတွက် ရှုံးပွဲကြုံတွေ့ ခဲ့ခြင်းဖြစ်သည်။

နံနက် ၉ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ဂျော်ဒန်နှင့် အယ်ဂျီးရီးယားအသင်းပွဲစဉ်တွင် အယ်ဂျီးရီးယားအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိပြီး နောက်တစ်ဆင့်တက်ရေး အခွင့်အရေးကောင်းပိုင်ဆိုင်ခဲ့သည်။ ဂျော်ဒန်အသင်းသည် မိနစ် ၆၀ ကျော်အထိ အယ်ဂျီးရီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်ကစားနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲချိန်များတွင် ချေပဂိုးနှင့် အနိုင်ဂိုး ပြန်လည်ခွင့်ပြုပေးခဲ့ရသည့်အတွက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

အောင်ဇော်