အစ္စလာမ်မာဘတ် ဇွန် ၂၄
အီရန်နှင့် ပါကစ္စတန်ကြား ဒေသတွင်းငြိမ်းချမ်းရေး၊ ညှိနှိုင်းဆွေးနွေးရေးနှင့် သံတမန်ရေးရာကိစ္စရပ်များအပါအဝင် ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗတ်ရှာရစ်က ဇွန် ၂၄ ရက် တွင် ပြောကြားသည်။
ပါကစ္စတန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အီရန်သမ္မတ မာဆော့ ပါဇက်ကီရှန်နှင့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗတ်ရှာရစ်တို့ကြား ဒေသတွင်းတည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
ယခုဆွေးနွေးပွဲသည် အမေရိကန်နှင့် အီရန်ကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။ အီရန်နှင့် ပါကစ္စတန်ကြား ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာကိစ္စရပ်များ ဖြေရှင်းရာတွင်လက်တွဲ ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး ပြဿနာများဖြေရှင်းရာတွင် ညှိနှိုင်းဆွေးနွေးခြင်းနှင့် သံတမန်နည်းလမ်းများဖြင့်သာ ဆောင်ရွက်ရန် နှစ်ဖက်ကြား သဘောတူခဲ့ကြောင်း ရှာဗတ်ရှာရစ်က ပြောကြားသည်။
အီရန်နိုင်ငံက ပါကစ္စတန်အား အိမ်နီးချင်းမိတ်ဆွေနိုင်ငံအဖြစ် ယုံကြည်ခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် ဒေသတွင်း ငြိမ်းချမ်းစည်ပင်ဝပြောရေးအတွက် ပါကစ္စတန်နိုင်ငံက အီရန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


