နေပြည်တော် ဇွန် ၂၄

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး‌ ကျော်စွာလင်း သည် ဇနီးဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် မြိတ်တပ်နယ်နှင့် ကျွန်းစုမြို့ရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များအား သီးခြားစီသွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

 

တရားဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိ

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး‌ ကျော်စွာလင်းက အမှာစကားပြောကြားရာတွင် ကြည်း၊ ရေ၊ လေ၊ လက်ရုံးတပ်ဖွဲ့အသီးသီးရှိ တပ်မတော်သားအားလုံးသည် ညီရင်းအစ်ကိုသဖွယ်စိတ်ဓာတ်များဖြင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင် နေကြသူများဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ဖြစ်ပေါ်လာသည့် နိုင်ငံရေးဖြစ်စဉ်များကြောင့် တပ်မတော်က နိုင်ငံတော်၏တာဝန်အရပ်ရပ်အား စတင်တာဝန်ယူ ထမ်းဆောင်ချိန်တွင် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့်မဖြေရှင်းဘဲ လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းဖြင့် ဆောင်ရွက်လာသည့် အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တည်ငြိမ်အေးချမ်းရေးကိုလိုလားသည့် ပြည်သူလူထုများနှင့်အတူတကွပူးပေါင်း၍ တရားဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း။

 

၂၀၂၅ ဒီဇင်ဘာလနှင့် ၂၀၂၆ ဇန်နဝါရီလများတွင်ကျင်းပခဲ့သော လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံအဝန်း ပြည်သူလူထုက မိမိတို့သဘော ဆန္ဒအလျောက် ဆန္ဒမဲများပေးကြကာ ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်သည့် နိုင်ငံတော်အစိုးရသစ် တစ်ရပ်ပေါ်ထွန်းခဲ့ကြောင်း၊ ယခုအခါတွင် အစိုးရသစ်၏ဦးဆောင်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော် အစိုးရ၏ဦးဆောင်မှုအောက်တွင် တပ်မတော်သားများအားလုံးက ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြခြင်းဖြစ်ကြောင်း။

 

မိမိတို့၏လုပ်ငန်းတာဝန်ကို ဂုဏ်ယူကြရမည်

တပ်မတော်သားများသည် သစ္စာ (၄)ချက်ကို နေ့စဉ်ရွတ်ဆိုနေရသည်နှင့်အညီ သစ္စာ (၄)ချက်ပါ အချက်များအတိုင်း ကျင့်ကြံနေထိုင်ကြရန်လိုကြောင်း၊ တပ်မတော်သားများအနေဖြင့် ဒို့တာဝန်အရေး (၃) ပါးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေကြသူများပီပီ မိမိတို့၏လုပ်ငန်းတာဝန်ကို ဂုဏ်ယူကြ ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နိုင်ငံတော်၏မြေပေါ်မြေအောက်၊ ရေပေါ် ရေအောက် အဖိုးတန်သယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်မှာ တပ်မတော်တွင်တာဝန်ရှိကြောင်း၊ ထိုကဲ့သို့ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် တပ်မတော်သား အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး အနေဖြင့် မိမိတို့တစ်ဦးချင်း၏စွမ်းရည်များ တိုးတက်အောင် ‌ဆောင်ရွက်ကြရန်လိုကြောင်း၊ သို့မှသာ တစ်ဦးချင်းမှအဖွဲ့အစည်း၏ စွမ်းရည်လည်း တိုးတက်လာမည်ဖြစ်ပြီး ပေးအပ်သည့်အမိန့်နှင့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်း။

 

ထိုသို့စွမ်းရည်ထက်မြက် မြင့်မားနေစေရေးအတွက် သက်ဆိုင်ရာဘာသာရပ်နယ်ပယ်အလိုက် ကြိုးစား လေ့လာနေရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဘာသာရပ်များကို Professional ကျကျလေ့လာ၍ လက်တွေ့အသုံးချနိုင်အောင် အမြဲမပြတ်လေ့ကျင့် ဆောင်ရွက်နေကြရန်လည်းလိုကြောင်း၊ စစ်အသုံး အဆောင်ပစ္စည်းများနှင့် စစ်နည်းဗျူဟာများသည် ခေတ်နှင့်အညီ စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက် လျက်ရှိသဖြင့် စစ်အသုံးအဆောင်ပစ္စည်းများနှင့် စစ်လက်နက်၏စွမ်းပကားများကို အမြဲလေ့လာ နေရန်လိုပြီး အကျိုးရှိစွာအသုံးချတတ်ရန်လိုကြောင်း၊ သို့မှသာ စွမ်းရည်ထက်မြက်ပြီး နိုင်ငံတော်မှ အားထားရသည့်၊ ပြည်သူလူထုက အားကိုးယုံကြည်ရသည့် တပ်မတော်ဖြစ်မည်ဖြစ်ကြောင်း။

 

အောင်မြင်အောင်ထမ်းဆောင်

အဖွဲ့အစည်းတစ်ခုကို ဦးစီးရသည့် ဦးစီးခေါင်းဆောင်ဖြစ်သူသည် အရေးကြီးကြောင်း၊ တပ်မှူးများ အနေဖြင့်လည်း တစ်ဦးချင်းစွမ်းရည်ကောင်းမွန်သည့် အရာရှိစစ်သည်များကို ကောင်းမွန်မှန်ကန်သည့် ခေါင်းဆောင်မှုဖြင့် လုပ်ဆောင်မှသာ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင်ထမ်းဆောင် နိုင်သည့်တပ်ဖြစ်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တပ်မှူးများအနေဖြင့် မှန်ကန်ကောင်းမွန်သည့် ခေါင်းဆောင်မှုပေးရန် လိုအပ်သည်ကို အလေးထားမှာကြားလိုကြောင်း။

 

နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ထမ်းဆောင်နေရသည့် မိမိတို့ တပ်မတော်အင်အား လျော့နည်းစေရန်အတွက် ပြည်ပဩဇာခံကိုယ်ကျိုးရှာ အဖွဲ့အစည်းများအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့လုပ်ဆောင်လျက်ရှိသော်လည်း တပ်မတော်သားများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသအသီးသီးတွင် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာ၍ စည်းလုံးညီညွတ်စွာနေထိုင်ကြရန်လိုကြောင်း၊ ကိုယ်ကျိုးရှာ မသမာသူများအနေဖြင့် နိုင်ငံတော်၏မြေပေါ်မြေအောက် သယံဇာတများကို တရားမဝင်တူးဖော် ရောင်းချရန် ကြိုးစားနေသည့်အချိန်တွင် တပ်မတော်မှ ထိထိရောက်ရောက် ကာကွယ် စောင့်ရှောက်ရန်လိုကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းကဲ့သို့ မဟာဗျူဟာမြောက် စီမံကိန်းများနှင့် ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း လမ်းကြောင်းအား ပြည်သူလူထုမှ စိတ်အေးချမ်းသာစွာသွားလာနေသည်ကို နှောင့်ယှက်ဖျက်ဆီးလာသည့် အကြမ်းဖက် အဖွဲ့အစည်းမှန်သမျှကိုလည်း ထိထိရောက်ရောက် ချေမှုန်းရှင်းလင်းရန်လိုကြောင်း။

 

ထို့ပြင် တစ်မျိုးသားလုံးကို လူညွန့်တုံးစေသည့် မူးယစ်ဆေးဝါးများကို နည်းလမ်းအမျိုးမျိုး၊ လမ်းကြောင်း အမျိုးမျိုးဖြင့် လက်နက်ကိုင်အကြမ်းဖက် အဖွဲ့အစည်းများအနေဖြင့် ခိုးထုတ်သယ်ယူကာ နယ်စပ်ဒေသ များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ရောင်းချနေခြင်းနှင့် တရားမဝင် အွန်လိုင်းလောင်းကစားများ ပြုလုပ်ခြင်းများကိုလည်း တပ်မတော်အနေဖြင့် ထိထိရောက်ရောက် တားဆီးကာကွယ် နှိမ်နင်းလျက်ရှိ ကြောင်း၊ ပါဝင်ပတ်သက်သူများကိုလည်း ထောက်ထားငဲ့ညှာခြင်းမရှိဘဲ နိုင်ငံတော်မှချမှတ်ထားသည့် ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရားမဝင်တင်သွင်း လာသည့် ကုန်စည်များနှင့် ကုန်သွယ်ရောင်းချမှုများသည် နိုင်ငံတော်၏ဘဏ္ဍာများ၊ အခွန်အခများ များစွာထိခိုက်ဆုံးရှုံး နစ်နာစေသည့်အတွက် တပ်မတော်အနေဖြင့် အဆိုပါလုပ်ငန်းများကို ထိထိရောက်ရောက် တားဆီးကာကွယ်ဆောင်ရွက်လျက်ရှိကြောင်း။

 

ပညာရည်မြင့်မားရေးကို အလေးပေး

တပ်မတော်အနေဖြင့် တပ်မတော်သားမိသားစုဝင်များအတွက် စားသောက်နေထိုင်မှုများ အဆင်ပြေ ချောမွေ့စေရန် အစဉ်အမြဲဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ တပ်မတော်သားမိသားစုဝင်များ အနေဖြင့် လည်း မိမိတို့၏ဝင်ငွေနှင့်ထွက်ငွေ မျှတအောင်သုံးစွဲကြရန်လိုပြီး အသုံးနှင့်အဖြုန်းကို ခွဲခြားသိရှိ ရန်လိုကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် အစားအသောက်အနေအထိုင်များကို ပြုမူဆောင်ရွက် ကြရန်လည်းလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် ပညာရည်မြင့်မားရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိသောကြောင့် တပ်မတော်သားမိသားစုဝင်များအနေဖြင့် မိမိတို့၏သားသမီးများ၏ ပညာရည်မြင့်မားရေးကို အလေးပေး၍ ကြိုးစားဆောင်ရွက်အားပေးနေကြရန်လိုကြောင်း၊ မိမိတို့၏ သားသမီးများကို မိမိတို့ထက်သာလွန်ကောင်းမွန်သော ပညာတတ်မျိုးဆက်များဖြစ်အောင် တိုက်တွန်း ဆောင်ရွက်ပေးကြရန်လိုကြောင်း။

 

စည်းရုံးရေးနှင့်ပတ်သက်၍ တပ်တွင်း/တပ်ပြင် စည်းရုံးရေးကို ခိုင်မာအောင်ဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် အရာရှိ၊ စစ်သည်များအနေဖြင့် လူအမျိုးမျိုး၊ စိတ်အမျိုးမျိုးရှိသည့်အတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိရန်အရေးကြီးကြောင်း၊ မိမိတို့သည် စစ်မြေပြင်တွင် အသက်ပေးကာကွယ်စောင့်ရှောက်ကြသူများဖြစ်သည့်အတွက် အထက်အောက်ရိုသေ လေးစားစွာ နေထိုင်ဆက်ဆံကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ပိုင်းအနေဖြင့်လည်း မိမိဦးစီးဦးဆောင်ပြု ရသည့်အဖွဲ့အစည်းကို အမြဲစည်းလုံးညီညွတ်မှုရှိနေအောင် ညီညွတ်မျှတစွာအုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် အချင်းချင်းစည်းလုံးညီညွတ်စွာနေထိုင်၍ ကျရာတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြစေလိုကြောင်း။

 

အုပ်ချုပ်ရေးပိုင်းအနေဖြင့် တပ်မတော်ရုံးလုပ်ငန်းများကို ဦး၊ ရေး၊ ထောက်ဒေါက်တိုင် ၃ ရပ် ကောင်းမွန်စွာလည်ပတ်မှုဖြင့် ထိန်းကျောင်းထားကြောင်း၊ စစ်စည်းကမ်းဆိုင်ရာ စည်းမျဉ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကိုလိုက်နာ၍ ဦး၊ ရေး၊ ထောက်လုပ်ငန်းများကို ဟန်ချက်ညီ ထိန်းကျောင်းသွားရန် လိုကြောင်း၊ ပုံမှန်ဆောင်ရွက်ရသော လုပ်ငန်းစဉ်ဖြစ်၍ တာဝန်ရှိသူများက စိတ်ဝင်တစားဆောင်ရွက်သွား ရန်လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်းကို ပိုင်နိုင်စွာဆောင်ရွက် နိုင်ခြင်းဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိမှုကိုလည်း ထိရောက်စွာလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း။

 

တစ်ဦးချင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်များကို တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်စိတ်ဓာတ်၊ လှေခွက်ချည်းကျန်အလံမလှဲသည့် စိတ်ဓာတ်တို့ဖြင့် သင်ယူထားသောစစ်ပညာများကို ကြံရည်ဖန်ရည်ဖြင့် အသုံးချရန်လိုအပ်ပြီး စစ်မြေပြင်တွင် တစ်ဦးချင်း၏တိုက်ပွဲစွမ်းရည်ကို ဟန်ချက်ညီ ပေါင်းစပ်၍ အဖွဲ့အစည်း၏တိုက်ပွဲစွမ်းရည်ကို မြှင့်တင်ရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ချီးမြှင့်ငွေများပေးအပ်

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး‌ ကျော်စွာလင်းက တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာ များပေးအပ်ရာ တိုင်းမှူးနှင့် တပ်နယ်မှတာဝန်ရှိသူများက လက်ခံရယူကြသည်။ အလားတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီးက တပ်နယ်အသီးသီးရှိ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်အလိုက် တာဝန်ရှိသူများက လက်ခံရယူသည်။

 

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင် များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် ကျွန်းစုတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းနှင့် နယ်မြေခံ ရေတပ်စခန်းဌာနချုပ်တို့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ကျွန်းစုမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ တက်ရောက်လျက်ရှိသည့် သင်တန်သား များနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မိမိနိုင်ငံနှင့် မိမိတို့မိသားစုများကို ကာကွယ်စောင့်ရှောက်ရန် ယခုကဲ့သို့သင်တန်းတက်ရောက်ရသည့်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ သင်တန်းကျောင်းမှ သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများနှင့် နည်းပြဆရာများ၏ စေတနာပါပါဖြင့် သင်ကြားပို့ချမှုများကို ကျွမ်းကျင်ပိုင်နိုင်သည်အထိ သေချာစွာဆည်းပူးသင်ယူကြရန်လိုကြောင်း၊ သင်ကြားပေး လိုက်သည့် စစ်အတတ်ပညာများကို အသုံးချပြီး နိုင်ငံတော်နှင့်တပ်မတော်အတွက် အကျိုးရှိအောင်ထမ်းဆောင်ကြရန်လိုကြောင်း ပြောကြားသည်။

 

ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်အဖွဲ့ဝင်များသည် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသား အိပ်ဆောင်များ၊ စားရိပ်သာများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

 

သိရှိလိုသည်များမေးမြန်း

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် ကျွန်းစုမြို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ MARINE BIO-LOGICAL MUSEUM နှင့် LIBRARY တို့၌ ခင်းကျင်းပြသထားမှုများကိုလည်းကောင်း၊ စိုက်ပျိုးမွေးမြူရေးခြံ များတွင် ရာသီသီးနှံများ စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း၊ ဥစားကြက်မွေးမြူထားရှိမှုများ ကိုလည်းကောင်း မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး သိရှိလိုသည်များမေးမြန်းကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

လိုက်လံကြည့်ရှုစစ်ဆေး

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်နှင့် မြိတ်တပ်နယ်ရှိ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များတွင်ဆောင်ရွက်ထားရှိသော ဥစားဘဲမွေးမြူရေးနှင့် ဘဲသားဖောက်လုပ်ငန်း၊ DYL ဝက်မွေးမြူ ရေးခြံ၊ ငွေနှင်းမှိုစိုက်ပျိုးရေးခြံနှင့် ရာသီသီးနှံ စိုက်ပျိုးထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး သိရှိလိုသည်များမေးမြန်းကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ဇနီးဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများနှင့်အတူ မြိတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူး၊ ပါရဂူများ၊ ဆေးမှူးများနှင့် တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အဖွဲ့ဝင်များ သည် မြိတ်မြို့၊ နယ်မြေခံတပ်မတော်ဆေးရုံတွင် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု၊ ကျန်းမာရေးတိုးတက်ကောင်း မွန်လာမှု အခြေအနေများကို တစ်ဦးချင်းရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက် ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။

 

စားသောက်ဖွယ်ရာများ ပေးအပ်

အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်နန်းကူးကူနှင့် အဖွဲ့ဝင်များသည် အမျိုးသမီးနှင့် ကလေးကုသဆောင်သို့ သွားရောက်၍ ဆေးရုံ တက်ရောက်ကုသလျက်ရှိသည့် လူနာများအားလိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်