နေပြည်တော် ဇွန် ၂၄
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort ဟိုတယ်၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှကောင်စစ်ဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး တရုတ်နိုင်ငံသံရုံးမှ ကောင်ဆယ်လာက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ(၂၀၂၄) ထောက်ပံ့ဆောင်ရွက်ပေးနေမှု အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားကာ စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကိုပြသသည်။
ထို့နောက် ခင်းကျင်းပြသထားသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ပို့ချခဲ့သော သင်တန်းဆင်းသူများ၏ ထုတ်ကုန် ပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဘေးကင်းသောအစားအစာထုတ်လုပ်မှုဆိုင်ရာများကိုလည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက စားသောက်ကုန်ထုတ် လုပ်မှုဆိုင်ရာ ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုနှင့် ပြည်တွင်းပြည်ပ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးမှုအခြေအနေကိုလည်းကောင်း၊ လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေး၍ လုပ်ငန်းအလိုက် တင်ပြချက်များအပေါ် တာဝန်ရှိသူများက သုံးသပ်ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


