ရန်ကုန် ဇွန် ၂၅

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရေကူးပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဒဂုံမြို့နယ်(ဦးဝိစာရလမ်း)ရှိ အမျိုးသားရေကူးကန်၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား၊ အမျိုးသမီး ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြပြီး အမျိုးသားမီတာ(၅၀) လိပ်ပြာကူးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိကြသူများ၊ အမျိုးသမီး မီတာ(၅၀) လိပ်ပြာကူး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသူများ၊ အမျိုးသားမီတာ(၅၀) အလွတ်ကူးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသူများ၊ အမျိုးသမီး မီတာ(၅၀) အလွတ်ကူးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့်  တတိယဆုရရှိကြသူများ၊ အမျိုးသား မီတာ(၅၀x၄) လွန်းပျံအလွတ်ကူးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသူများ၊ အမျိုးသမီး မီတာ(၅၀x၄) လွန်းပျံအလွတ်ကူး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသူများအား တစ်ဦချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ ရွှေတံဆိပ် ၄ ဆုဖြင့် အကောင်းဆုံး အမျိုးသမီး အားကစားသမားဆုရရှိသူနှင့် ရွှေတံဆိပ် ၃ ဆုဖြင့် အကောင်းဆုံး အမျိုးသားအားကစားသမားဆုရရှိသူတို့အား Trophy နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ စုစုပေါင်း ရမှတ် ၁၂၅ မှတ်ဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စုစုပေါင်းရမှတ်  ၁၂၈ မှတ်ဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့်  စုစုပေါင်း ရမှတ် ၂၅၃ မှတ်ဖြင့်  စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား တံခွန်စိုက်ဆုဖလားများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရေကူးပြိုင်ပွဲကို ဇွန် ၂၄ ရက်နှင့် ၂၅ ရက်အထိ ကျင်းပခဲ့ကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသားအသင်း ၁၃ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်း၊ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်းအင်အား ၂၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရ သည်။

သတင်းစဉ်