ကင်ဘာရာ ဇွန် ၂၇ 

 

သြစတြေးလျအစိုးရက နိုင်ငံအတွင်း၌ အသက် ၁၆ နှစ်အောက် ကလေးများကို ဆိုရှယ်မီဒီယာသုံးစွဲခွင့် တားမြစ်သည့် ဥပဒေ ပိုမိုအားကောင်းစေရန် စီစဉ်နေကြောင်း သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစ်က ပြောကြားခဲ့သည်။ သြစတြေးလျလူငယ် အများအပြားက အဆိုပါကန့်သတ်ချက်ကို ရှောင်တိမ်းနေကြသည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် အဆိုပါလှုပ်ရှားမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

 

ဥပဒေများကို တတ်နိုင်သမျှ ပိုမိုခိုင်မာစေရန် ပြုလုပ်လိုကြောင်းနှင့် ဥပဒေဆိုင်ရာ စိန်ခေါ်မှုများကို ခံနိုင်ရည်ရှိအောင် လုပ်ဆောင်လိုကြောင်း ဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစ်က ပြည်တွင်းမီဒီယာများနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

 

ဆိုရှယ်မီဒီယာနှင့်ပတ်သက်ပြီး ပြင်းထန်သောတားမြစ်ချက် ထုတ်ပြန်ခြင်းအတွက် ဂုဏ်ယူကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

ဩစတေးလျသည် လူငယ်များ၏ ဆိုရှယ်မီဒီယာသုံးစွဲခွင့်ကို တားမြစ်ပိတ်ပင်သည့် ပထမဆုံး နိုင်ငံဖြစ်လာခဲ့သည်။ အဆိုပါ ဥပဒေသည် Facebook၊ Instagram၊ TikTok နှင့် YouTube အပါအဝင် အဓိက လူမှုကွန်ရက် ၁၀ ခုကို ပစ်မှတ်ထားသည်။

 

သို့သော် သုတေသနအသစ်အရ အသက် ၁၂ နှစ်မှ ၁၅ နှစ်အကြား ကလေး ၈၅ ရာခိုင်နှုန်းသည် ဥပဒေ စတင်အသက်ဝင်ပြီးနောက် သုံးလကြာသည့် အချိန်ထိတိုင် ဆိုရှယ်မီဒီယာကို ဆက်လက်အသုံးပြုနေကြဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။

 

လက်ရှိတွင် ဩစတေးလျ အစိုးရက ဆိုရှယ်မီဒီယာ အော်ပရေတာ Reddit သည် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲလျက်ရှိသည်။ 

 

ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်