ကာရာကတ် ဇွန် ၂၇ 

 

ဗင်နီဇွဲလားနိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးလုပ်သားများက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်တင်လျက်ရှိသည်။ 

 

ဗင်နီဇွဲလားနိုင်ငံ အနောက်မြောက်ပိုင်းတွင် ပြင်းအား ၇ ကျော်ရှိ သည့် ငလျင်နှစ်ခု ဇွန် ၂၄ ရက် ညပိုင်းတွင် ဆက်တိုက်လှုပ်ခတ်ခဲ့သည်။ 

 

လက်ရှိအချိန်အထိ ငလျင်လှုတ်ခတ်မှုကြောင့် လူပေါင်း ၉၂၀ သေဆုံးပြီး ၃၃၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂျော့ရိုဒရီဂက်က အတည်ပြုပြောကြားခဲ့သည်။ 

 

မြို့တော် ကာရာကတ်နှင့် အခြားနေရာများတွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

လူနေအိမ်များအပါအဝင် အဆောက်အအုံ ၃၈၃ လုံး ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

 

အမေရိကန်၊ မက္ကဆီကို၊ စပိန်နှင့် အခြားနေရာများမှ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ 

 

ယာယီသမ္မတ ဒယ်လ်စီရိုဒရီဂွက်ဇ်က နိုင်ငံအတွင်း အရေးပေါ်အခြေအနေတစ်ရပ် ကြေညာထားသည်။ 

 

ငလျင်ဗဟိုချက်သည် မြို့တော်ကာရာကတ်၏ အနောက်ဘက် ကီလိုမီတာ ၁၆၀ ခန့်အကွာတွင် ဖြစ်သည်။ 

 

ငလျင်သည် ကြီးမားသော ပျက်စီးဆုံးရှုံးမှုနှင့် အသေအပျောက်နှုန်း မြင့်မားဖွယ်ရှိကြောင်းနှင့် “အနီရောင်သတိပေးချက်” သို့မဟုတ် အဆိုးရွားဆုံးအဆင့်ဟု သတ်မှတ်ခဲ့သည်။ 

 

အမေရိကန်အမျိုးသား သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးဌာနက ငလျင်ဗဟိုချက်မှ ကီလိုမီတာ ၃၀၀ အတွင်း ကမ်းရိုးတန်းဒေသများအတွက် ဆူနာမီ ခြိမ်းခြောက်မှုသတိပေးချက်ကို ကနဦးတွင်ထုတ်ပြန် ခဲ့သော်လည်း နောက်ပိုင်းတွင် အန္တရာယ်မရှိကြောင်း ပြောကြားခဲ့သည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်