ရန်ကုန် ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ဇိနမာရ်အောင်စေတီအဝင် လုမ္ဗိနီအင်ကြင်းဥယျာဉ် လမ်းခင်းကုသိုလ်အတွက် အလှူငွေပေးအပ်ပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ဇွန် ၂၅ ရက်က ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ ဆရာတော်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ယင်းနောက် ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များက ဘဝတုသဗ္ဗမင်္ဂလံစသော သုံးဂါထာတို့ကို ရွတ်ဖတ်ကြပြီးနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် အလှူရှင်များက ဆရာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် လမ်းခင်းကုသိုလ်အဖြစ် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြပြီး ဆင်ဖြူတောင် ဆရာတော် ဘဒ္ဒန္တဂုဏိန္ဒက ယနေ့ကျင်းပပြုလုပ်သည့် လမ်းခင်းအလှူနှင့် စပ်လျဉ်း၍ မုဒိတာစကားချီးမြှင့်မိန့်ကြားသည်။
ဆက်လက်၍ လှူဒါန်းမှုအစုစုအတွက် ပါဠိတက္ကသိုလ် ညောင်တုန်းတိုက်နာယက စာချလှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသထံမှ ရေစက်ချတရားနာယူခဲ့ကြောင်း သိရသည်။
အောင်ကျော်(ပြန်/ဆက်)


