တီဟီရန်   ဇွန်   ၂၈

ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့ရှိ   အမေရိကန်စစ်စခန်းများအား ဒုံးကျည်နှင့် ဒရုန်းများအသုံးပြု၍ ဇွန် ၂၈ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန် ရေး အစောင့်တပ်ဖွဲ့က ပြောကြားသည်။

ယခုတိုက်ခိုက်မှုသည် မကြာသေးမီက အီရန်ကမ်းရိုးတန်းဒေသများအား အမေရိကန်က တိုက်ခိုက်ခဲ့ခြင်းကို တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရသည်။ ကူဝိတ်ရှိ အမေရိကန်တပ်ဖွဲ့ အလီအယ်လ်ဆာ လမ်လေတပ်စခန်းရှိ အရေးကြီးအခြေခံအဆောက်အအုံ ရှစ်ခုနှင့် ဘာရိန်းရှိ အမေရိကန်ရေတပ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့် တပ်ဖွဲ့သတင်းဌာနက ပြောကြားသည်။

လက်ရှိအချိန်မှစ၍ ဟော်မုဇ်ရေလက်ကြားကို ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းရန် ကြိုးပမ်းနေသော သင်္ဘောများကို ယခင်ကထက် ပြင်းထန်စွာကိုင်တွယ်သွားမည်ဖြစ်ပြီး မည်သည့်အကြောင်းပြချက်ဖြင့်မဆို ကျူးကျော်ဝင်ရောက်လာပါက ပြင်းထန်သောတုံ့ပြန်မှုဖြင့် ရင်ဆိုင်မည်ဟု  အီရန်တော်လှန် ရေးအစောင့်တပ်ဖွဲ့က ပြောကြားသည်။

ယခုတိုက်ခိုက်မှုသည် စစ်ပွဲအဆုံးသတ်ရေးဆိုင်ရာ အီရန်နှင့် အမေရိကန်ပြည်ထောင်စုအကြား မကြာသေးမီက လက်မှတ်ရေးထိုးခဲ့သော ငြိမ်းချမ်းရေးနားလည်မှုစာချွန်လွှာကို ချိုးဖောက်ခြင်းဖြစ်ပြီး သံတမန်ရေးလုပ်ငန်းစဉ်အားလုံး လုံးဝရပ်ဆိုင်းသွားမည်ဟု အဆိုပါတပ်ဖွဲ့က သတိပေးပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနားလည်မှုစာချွန်လွှာအရ အီရန်သည် ဟော်မုဇ်ရေလက်ကြားရှိ ရေကြောင်းသွားလာမှုကို စီမံခန့်ခွဲရန် တာဝန်ရှိကြောင်း အီရန်တော်လှန်ရေးအစာင့်တပ်ဖွဲ့က မှတ်ချက်ပြုပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန် -စိုးသူရ