ကာရာကတ် ဇွန် ၂၈
အင်အားပြင်းငလျင်နှစ်ခု ဆက်တိုက်လှုပ်ခတ်မှုကြောင့် ပြင်းထန်စွာထိခိုက်ခဲ့ရသော ဗင်နီဇွဲလားပြည်နယ်တစ်ခုဖြစ်သည့် လာဂွါရီရာရှိ အပျက်အစီးများကြားမှ အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။ ကိုလံဘီယာကယ်ဆယ်ရေးသမားများက ပြိုကျသွားသော အဆောက်အအုံတစ်ခုအတွင်းမှ အဆိုပါကလေးကို ဆွဲထုတ်နိုင်ခဲ့သည်။
လက်ရှိအချိန်အထိ သေဆုံးသူ ၁၄၃၀ ရှိပြီး ဒဏ်ရာရရှိသူ ၃၃၆၀ ကျော်ရှိကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂျော့ရိုဒရီဂက်က နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်။
ထို့ပြင် ပျောက်ဆုံးနေသူအရေအတွက်မှာ ဇွန် ၂၇ ရက် ညပိုင်းအထိ ၅၀၀၀၀ ကျော်ရှိကြောင်း ပုဂ္ဂလိကဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြထားသည်။ ပြိုကျနေသော အဆောက်အအုံများအောက်တွင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရန် နိုင်ငံအသီးသီးမှ ကယ်ဆယ်ရေးလုပ်သား ၂၀၀၀ ကျော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
သို့သော် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများသည် အချိန်နှင့်အပြိုင် ရုန်းကန်နေရပြီး အသက်ရှင်နိုင်ခြေရှိပြီး ကောင်းမွန်သောကယ်ဆယ်ရေးအတွက် ၇၂ နာရီအချိန်ကာလ ကုန်ဆုံးသွားပြီဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


