သီသီသောင်း
ပြတိုက်ဆိုသည်မှာ ရှေးဟောင်းပစ္စည်းများကို စုဆောင်းသိမ်းဆည်းရာ ဂိုဒေါင်တစ်ခုမဟုတ်ပါ။ ပြတိုက်များသည် လူမျိုးတစ်မျိုး၏ ဝိညာဉ်ကိန်းအောင်းရာနေရာ၊ မျိုးဆက်တစ်ခုနှင့်တစ်ခုကို ချိတ်ဆက်ပေးသည့် အသိပညာဗဟိုဌာနနှင့် နိုင်ငံတစ်နိုင်ငံ၏ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ်တွင် မြှင့်တင်ပေးသည့် လူသားမျိုးနွယ်တို့၏ ဖြစ်တည်မှုသမိုင်းကြောင်းများပြသရာ ယဉ်ကျေးမှုပြတင်းပေါက်များဖြစ်ကြသည်။
“ရှင်သန်နိုးထရာ” ဟူသော စကားလုံးနှင့်အညီ ပြတိုက်များသည် အတိတ်တွင် ရပ်တန့်မနေဘဲ ယနေ့ခေတ်အထိ တက်ကြွစွာ စကားပြောနေသည့် ပုံရိပ်ကိုပေးစွမ်းနိုင်ပြီး ခေတ်နှစ်ခုကို ဆက်သွယ်ပေးသည့် အရေးပါသောအဖွဲ့အစည်းအဖြစ် တည်ရှိနေပါသည်။ ယနေ့ခေတ် ပြောင်းလဲလာသော ကမ္ဘာ့အခြေအနေတွင် ပြတိုက်များသည် နိုင်ငံတစ်နိုင်ငံ ၏ Soft Power ကို တည်ဆောက်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာပါသည်။ နည်းပညာတိုးတက်မှုနှင့် လူမှုအသိုင်းအဝိုင်း၏ ပြောင်းလဲမှုများကြောင့် လူငယ်များ၏စိတ်ဝင်စားမှုနှင့် သင်ယူ မှုပုံစံများကွဲပြားလာသော်လည်း ပြတိုက်များသည် အတိတ်နှင့် ပစ္စုပ္ပန်ကို ချိတ်ဆက်ပေးနိုင်သော အရေးပါသည့် ယဉ်ကျေးမှုအဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါသည်။
ပြတိုက်များသည် လူမျိုးမရွေး၊ ဘာသာမရွေး၊ လူထုလူတန်းစားမရွေး အားလုံးပူးပေါင်းပါဝင်နိုင်ကာ မတူကွဲပြားမှုနှင့် ရေရှည်တည်တံ့မှုကို ဖော်ဆောင်လျက် အများပြည်သူ လွတ်လပ်စွာ ဝင်ရောက်လေ့လာနိုင်ပါသည်။ ထို့ပြင် ပြည်သူလူထုအား ပညာဗဟုသုတများ ပေးဝေရန်၊ စိတ်ပျော်ရွှင် ချမ်းမြေ့စေရန်နှင့် အတိတ်သမိုင်းကို ပြန်လည်သိမြင်နိုင်စေရန်အတွက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကျင့်ဝတ်ဆိုင်ရာနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် လူထုပတ်ဝန်းကျင်နှင့် ထိတွေ့ ဆက်သွယ် ဆောင်ရွက်ပေးသောနေရာဖြစ်သည်ဟု အကျယ်တဝင့် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
ယဉ်ကျေးမှုအမွေအနှစ်များ၏ အရင်းအမြစ်များတွင် ရှေးဟောင်းအဆောက်အအုံများ၊ သမိုင်းဝင် နေရာများ၊ ရိုးရာဓလေ့ထုံးတမ်းများ၊ ဘာသာရေးဆိုင်ရာ အထောက်အထားများ၊ အနုပညာလက်ရာ များ၊ ရိုးရာဂီတနှင့် အကများ၊ စာပေနှင့် ဘာသာ စကားများ၊ ရိုးရာလက်မှုပညာများ၊ လူမှုဘဝပုံစံများ နှင့် ဘိုးဘွားဘီဘင်များ လက်ဆင့်ကမ်းခဲ့သော အတတ်ပညာ၊ အသိပညာများ စုံလင်စွာပါဝင်ကြ သည်။ ထိုအမွေအနှစ်များသည် လူမျိုးတစ်မျိုး၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်အမှတ်လက္ခဏာကို ဖော်ပြပေးသော အဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များ ဖြစ်ကြပေသည်။
၁။ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်လက္ခဏာ
“ငါတို့ ဘယ်သူလဲ”ဆိုသည့် မေးခွန်းသည် လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်အမှတ်လက္ခဏာမှသည် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအရင်းအမြစ်၊ ဘာသာစကား၊ ယုံကြည်မှုနှင့် လူမှုတန်ဖိုးများအထိ အကျုံးဝင်ပါသည်။ ပြတိုက်များတွင် ပြသထားသော ရှေးဟောင်းပစ္စည်းများနှင့် သမိုင်းဝင်အထောက် အထားများသည် ကျွန်ုပ်တို့၏ဖြစ်တည်မှုကို ထင်ရှားစွာ သက်သေပြနေသော “အသက်ရှင်နေသည့် သက်သေခံများ” ဖြစ်ကြပါသည်။ မည်သည့် လူမျိုးမဆို မိမိတို့၏ဇာစ်မြစ်ကိုမသိဘဲ ရေရှည် ရပ်တည်ရန် ခဲယဉ်းလှပါသည်။ ပြတိုက်များက လူမျိုးတစ်မျိုး၏ Cultural Identity (ယဉ်ကျေးမှု ဆိုင်ရာ ကိုယ်ပိုင်လက္ခဏာ) ကို ထိန်းသိမ်းကာကွယ်ပေးသည့် အမာခံစခန်းများဖြစ်သည်။
“ဘယ်ကလာလဲ”ဟူသည့် မေးခွန်းသည် အတိတ်နှင့် ဆက်စပ်မှုကို ရှာဖွေခြင်းဖြစ်သည်။ ပြတိုက်များသည် လူမျိုးတစ်မျိုး၏ သမိုင်းလမ်းကြောင်း၊ ဖြတ်သန်းခဲ့ရသောစိန်ခေါ်မှုများနှင့် အောင်မြင်မှုများကို စနစ်တကျ မှတ်တမ်းတင်ထားပြီး ပြသပေးသော “စုပေါင်းမှတ်ဉာဏ်သိုလှောင်ရာ” ဖြစ်သည်။ အတိတ်ကိုသိမြင်ခြင်းဖြင့် ပစ္စုပ္ပန်၏ တန်ဖိုးကို ပိုမိုနားလည်လာစေသည်။ လူမျိုးတစ်မျိုး၏ သမိုင်းလမ်းကြောင်း၊ ပြောင်းလဲမှုများ၊ အောင်မြင်မှုများနှင့် စိန်ခေါ်မှုများကို ပြတိုက်များမှတစ်ဆင့် နားလည်လာခြင်းဖြင့် အတိတ်ကို သင်ခန်းစာအဖြစ် အသုံးချနိုင်စေပါသည်။
“ဘယ်ကိုသွားမလဲ”ဆိုသည့် မေးခွန်းသည် အနာဂတ်အမြင်နှင့်ဆက်စပ်ပြီး ပြတိုက်များသည် အတိတ်ကိုသာမဟုတ်ဘဲ အနာဂတ်ဖန်တီးမှုအတွက် လှုံ့ဆော်မှုဖြစ်စေသည့်နေရာများဖြစ်သည်။
အတိတ်၏ဝိညာဉ်များ ပြန်လည်နိုးထရာ
ဥပမာအားဖြင့်- အမျိုးသားပြတိုက်ရှိ နှစ်သန်း ပေါင်း ၄၀ ကျော်က ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း များမှသည် ပျူ၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင်နှင့် ရတနာပုံခေတ်အဆက်ဆက်မှ အမွေအနှစ်များသည် ၎င်းတို့၏ဖြစ်တည်မှုသမိုင်းကို ပြန်လည်ပြောပြနေကြသည်မှာ မိမိတို့၏ သမိုင်းအမွေအနှစ်များ ပြန်လည်နိုးထလာခြင်းပင်ဖြစ်သည်။
အမျိုးသားရေးဂုဏ်သိက္ခာ
ပြတိုက်အတွင်းရှိ ကျောက်စာများ၊ ရှေးဟောင်း အဆင်တန်ဆာလက်ဝတ်ရတနာများ၊ မင်းခမ်း တော်ဝင်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများနှင့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများက ကျွန်ုပ်တို့၏ဘိုးဘေးများ မည်မျှအဆင့်အတန်းမြင့်မားခဲ့သည်ကို ဂုဏ်ယူဖွယ်သက်သေပြနေကာ “ငါတို့သည် မည်သူနည်း” ဆိုသည့်မေးခွန်းကို အဖြေပေးနိုင်ပြီး နိုင်ငံသားများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေ၍ စည်းလုံးညီညွတ်မှုနှင့် မျိုးချစ်စိတ်ဓာတ်ကို ခိုင်မာစေပါသည်။
ကမ္ဘာ့အလယ်တွင် ထူးခြားမှုကို ပြသခြင်း
ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ယဉ်ကျေးမှုများ ရောယှက်လာသည့်အခါ မိမိတို့၏သီးခြား ကိုယ်ပိုင်လက္ခဏာကို ပြတိုက်များမှတစ်ဆင့် မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်ခြင်းသည် နိုင်ငံတကာအလယ်တွင် ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။
၂။ စိတ်ဓာတ်ရေးရာတန်ဖိုးများ
ပြတိုက်များသည် ရုပ်ဝတ္ထုပစ္စည်းများကိုသာ ထိန်းသိမ်းပြသထားသည့်နေရာများမဟုတ်ဘဲ လူမျိုး တစ်မျိုး၏ စိတ်ဓာတ်ရေးရာကို ဖော်ဆောင်ပေးသည့် ဗဟိုဌာနများလည်းဖြစ်ကြသည်။
၃။ လက်နက်မပါဘဲ ဆွဲဆောင်လွှမ်းမိုးခြင်းအင်အား
နိုင်ငံတစ်နိုင်ငံ၏ Soft Power (နူးညံ့သော စွမ်းအား)ဆိုသည်မှာ စစ်အင်အား (Hard Power) သို့မဟုတ် စီးပွားရေးဖိအားများကို အသုံးမပြုဘဲ ယဉ်ကျေးမှု၊ ပညာရေး၊ အနုပညာ၊ နိုင်ငံရေးတန်ဖိုး များနှင့် နိုင်ငံ၏ ကောင်းမွန်သောပုံရိပ်များမှ တစ်ဆင့် အခြားနိုင်ငံများ၏ စိတ်ဝင်စားမှု၊ ယုံကြည် မှုနှင့် လေးစားမှုကို ရရှိစေနိုင်သော ဆွဲဆောင်နိုင်စွမ်း အင်အားကိုဆိုလိုသည်။ Soft Power ဟူသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ပြတိုက်များ၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာ၊ ပညာရေးနှင့် နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များမှတစ်ဆင့် ဖော်ဆောင်နိုင်သော ယဉ်ကျေးမှုအခြေပြု အင်အားတစ်ရပ်ဖြစ်ပေသည်။
၄။ ယဉ်ကျေးမှုသံတမန်ရေး
ယဉ်ကျေးမှုသံတမန်ရေးဆိုသည်မှာ နိုင်ငံ တစ်နိုင်ငံ၏ ယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာစကား၊ သမိုင်း၊ အမွေအနှစ်များနှင့် လူမှုတန်ဖိုးများကို အသုံးပြု၍ အခြားနိုင်ငံများနှင့် အပြန်အလှန် နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်စေရန် ဆောင်ရွက်သည့် သံတမန်ရေးဆိုင်ရာလုပ်ငန်းစဉ်ကို ဆိုလိုသည်။
ယဉ်ကျေးမှုသံတမန်ရေးတွင် ပြတိုက်အပြန် အလှန်လေ့လာရေးများ၊ ယဉ်ကျေးမှုပြပွဲများ၊ အနုပညာဖလှယ်ပွဲများ၊ ရိုးရာပွဲတော်များ၊ ပညာရေး ဖလှယ်မှုများ၊ ရုပ်ရှင်၊ ဂီတနှင့် စာပေဆိုင်ရာ လှုပ်ရှားမှုများကိုအသုံးပြုကာ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအလှအပနှင့် တန်ဖိုးများကို ကမ္ဘာသို့ မိတ်ဆက်ပေးခြင်းအားဖြင့် နိုင်ငံများအကြား ယုံကြည်မှု၊ လေးစားမှုနှင့် ငြိမ်းချမ်းသောဆက်ဆံ ရေးများ ပိုမိုတိုးတက်လာစေပါသည်။
၅။ ယဉ်ကျေးမှုအခြေပြု ခရီးသွားလုပ်ငန်း
ပြတိုက်များသည် နိုင်ငံတစ်နိုင်ငံ၏ယဉ်ကျေးမှု အခြေပြုခရီးသွားလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးစေသည့် အဓိကမောင်းနှင်အားတစ်ခုဖြစ်ပါသည်။ ပြတိုက်များသည် ကမ္ဘာလှည့်ခရီးသွားများ အတွက် မိမိနိုင်ငံ၏ သမိုင်းကြောင်းနှင့် လူနေမှုဘဝကို တစ်နေရာတည်းတွင် ထိတွေ့ခံစားနိုင်သော “ယဉ်ကျေးမှုဗဟိုချက်”များဖြစ်ရာ ၎င်းတို့မှတစ်ဆင့် နိုင်ငံ၏ပုံရိပ်ကောင်းကို ထင်ဟပ်ပြသနိုင်ခြင်း ကြောင့် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကိုရရှိစေပါ သည်။
၆။ အနာဂတ်သို့ လက်ဆင့်ကမ်းခြင်းနှင့် နည်းပညာ၏ အခန်းကဏ္ဍသစ်
လူ့ဘောင်တစ်ရပ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိတို့၏အတိတ်သမိုင်းကို နားလည် သဘောပေါက်ရန်မှာ အခြေခံအကျဆုံး လိုအပ်ချက် ပင်ဖြစ်ပါသည်။ ထို့ကြောင့် ပြတိုက်များသည် အတိတ်၏ သက်သေအထောက်အထားများကို စနစ်တကျ ထိန်းသိမ်းပေးရုံသာမက အောက်ပါ အရေးပါသော အခန်းကဏ္ဍများကိုပါ ဖော်ဆောင်ပေးလျက်ရှိသည် -
သုတေသနနှင့် အသိပညာဗဟိုဌာန။ ပြတိုက်များသည် ပညာရှင်များ၊ သုတေသီများနှင့် မျိုးဆက်သစ်များ၊ ကျောင်းသားလူငယ်များအတွက် အသိပညာသစ်များ ရှာဖွေဖော်ထုတ်ရာ အဖိုးတန်အရင်းအမြစ်များ စုစည်းရာနေရာဖြစ်သည်။
အတွေးအခေါ်ဖန်တီးရာနေရာ။ ပြတိုက်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ “အတွေးအခေါ် ဖန်တီးရာနေရာ” တစ်ခုလည်းဖြစ်သည်။ ယင်းသည် မျိုးဆက်သစ်များအတွက် ဘဝ၏ အခြေခံကျသော အတွေးအခေါ်များကို အဖြေရှာပေးနိုင်သည့် အသက်ဝင်ရှင်သန်နေသော သင်ကြားရေးဗဟိုဌာနကြီးများ ဖြစ်ကြပါသည်။
ရှင်သန်သက်ဝင်နေသော သင်ကြားရေးနယ်မြေ။ ပြတိုက်များ၏ အဓိကတာဝန်မှာ အတိတ်မှ သင်ခန်းစာများကို မျိုးဆက်သစ် လူငယ်များထံ မှန်ကန်စွာ လက်ဆင့်ကမ်း ပေးရန်ဖြစ်သည်။ စာသင်ခန်းအတွင်းရှိ ကျောင်းစာအုပ်များထဲတွင် ဖတ်ရုံမျှဖြင့် မရရှိနိုင်သောအတွေ့အကြုံများကို ပြတိုက် အတွင်းရှိ သမိုင်းဝင်အထောက်အထားများမှတစ်ဆင့် မိမိကိုယ်တိုင် လာရောက်လေ့လာကာ နှလုံးသားဖြင့် ခံစားသင်ယူနိုင်မည် ဖြစ်ပေသည်။
ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှု။ ၂၁ ရာစုတွင် ပြတိုက်များသည် တိတ်ဆိတ် ငြိမ်သက်နေသော နေရာများအဖြစ်မှ ခေတ်မီနည်းပညာများကို အသုံးပြုထားသည့် “အနာဂတ်ပြတိုက်”များ အဖြစ် အသွင်ပြောင်းလဲလာရပါမည်။
နောင်လာနောက်သားတို့အတွက် ယဉ်ကျေးမှုတံတား။ ဒီဂျစ်တယ်နည်းပညာသည် အတိတ်နှင့် အနာဂတ်မျိုးဆက်ကို ခိုင်မာစွာ ချိတ်ဆက်ပေးသည့် တံတားတစ်စင်းဖြစ်ပါသည်။ ယဉ်ကျေးမှုပစ္စည်းများကို ဒီဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်း ပြသခြင်းသည် ကမ္ဘာတစ်ဝန်းရှိ မည်သူမဆို၊ မည်သည့်နေရာမှ မဆို၊ မိမိတို့နိုင်ငံ၏ Soft Power ကို အချိန်မရွေး လေ့လာနိုင်စေရန် လမ်းဖွင့် ပေးလိုက်ခြင်းဖြစ်ပြီး နည်းပညာနှင့် အမွေအနှစ်တို့ပေါင်းစပ်ကာ မျိုးဆက်သစ်တို့၏ စိတ်ဓာတ်နှင့် အသိပညာကို အစဉ်အမြဲ မြှင့်တင်ပေးစေပါသည်။
ပြတိုက်များသည် လူ့ဘောင်အဖွဲ့အစည်း၏ စိတ်ဓာတ်ရေးရာ တန်ဖိုးများကို မြှင့်တင်ပေးနိုင်သည့်အပြင် နိုင်ငံ၏ Soft Power ကို ကမ္ဘာ့အလယ်တွင် ထည်ဝါစွာဖော်ဆောင်ပေးနိုင်သော အရေးပါသည့် ယဉ်ကျေးမှုအင်အားစုများ ဖြစ်ကြပါသည်။ ပြတိုက်များက နိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးရုံသာမက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု ကိုလည်း သိသာထင်ရှားစွာ ပံ့ပိုးပေးနေသောနေရာများဖြစ်ပေရာ နိုင်ငံ၏ပုံရိပ်ကို ကောင်းမွန်စေပြီး စီးပွားရေးအရလည်း များစွာအကျိုးပြုသည့် အဖိုးတန်အရင်းအမြစ်တစ်ခုဖြစ်ပါသည်။
ပြတိုက်များသည် အတိတ်နှင့် အနာဂတ်ကို ခိုင်မာစွာချိတ်ဆက်ပေးသည့် “ယဉ်ကျေးမှုတံတား” ကြီးပင်ဖြစ်ပါသည်။ “အမွေအနှစ်ကို ထိန်းသိမ်းခြင်းသည် အနာဂတ်ကိုကာကွယ်ခြင်းဖြစ်သည်” ဟူသော ဆောင်ပုဒ်နှင့်အညီ ပြတိုက်များသည် လူမျိုးတစ်မျိုး၏ စိတ်ဓာတ်နှင့် အနာဂတ်ကို ပုံဖော်ထုဆစ်ပေးနေသော နေရာများလည်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် ပြတိုက်များ၏အခန်းကဏ္ဍကို အလေးထားမြှင့်တင်ပေးခြင်းဖြင့် ပြတိုက်များ၏အရေးပါမှုကို လူထုအတွင်း ပိုမိုကျယ်ပြန့် စွာ သိရှိလာစေမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့ဘိုးဘွားတို့၏ ဂုဏ်ယူ ဖွယ်ရာ ခိုင်မာသောသမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ် အရင်းအမြစ်များသည် အနာဂတ်မျိုးဆက်သစ်များအတွက် အသိပညာနှင့် စိတ်ဓာတ်ခွန်အားများ အစဉ်မပြတ်စီးဆင်းရာနေရာများအဖြစ် ကမ္ဘာတည်သရွေ့ ဆက်လက်ရှင်သန်နေမည်ဖြစ်ပါတော့သည်။ ။


