ရန်ကုန်      ဇွန်     ၂၈

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၃)ကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဇယားထိပ်ဆုံးမှ လက်ရှိချန်ပီယံဧရာဝတီအသင်းနှင့် ဒုတိယနေရာမှ အား/ကာသိပ္ပံအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေသည်။

ပွဲစဉ် (၃)အဖြစ်  ဇွန်  ၂၉  ရက်  မွန်းလွဲ   ၃  နာရီခွဲတွင်  ရန်ကုန်ယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်း၊ မွန်းလွဲ ၃ နာရီခွဲတွင် ပဒုမ္မာကွင်း၌ Young Lionesses အသင်းနှင့် ရန်ကုန်စီးတီးအသင်း၊ ဇွန် ၃၀ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ဧရာဝတီအသင်းနှင့် အား/ကာသိပ္ပံ (ISPE) အသင်း၊ ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ရတနာပုံအသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်း၊ ဇူလိုင် ၁ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ မြဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ်(၂) အပြီး နှစ်ပွဲဆက်တိုက် အနိုင်ရထားသည့် သုံးသင်းအနက် ဇယားထိပ်ဆုံးမှ ဧရာဝတီအသင်းနှင့် ဒုတိယနေရာမှ အား/ကာသိပ္ပံအသင်း  ထိပ်တိုက်တွေ့ဆုံနေပြီး နာမည်ကြီး အသင်းနှစ်သင်း၏ အားပြိုင်မှုကို မြင်တွေ့ရမည်ဖြစ်သည်။ နှစ်သင်းစလုံး လက်ရွေးစင်အဆင့် ကစားသမားအများစု ပါဝင်သော်လည်း ဧရာဝတီအသင်းက ပြည်ပကစားသမားနှစ်ဦး ခေါ်ယူထားသည်။

ပွဲစဉ်(၂) အပြီးတွင် လက်ရှိချန်ပီယံ ဧရာဝတီအသင်း၊  အား/ကာသိပ္ပံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့က ခြောက်မှတ်စီရထားပြီး ဧရာဝတီအသင်းက ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နေသည်။ ယင်းအသင်းများနောက်တွင် ရတနာပုံအသင်း၊ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် Young Lionesses အသင်းတို့က သုံးမှတ်စီ၊ ရှမ်းယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်းတို့က တစ်မှတ်စီ၊ မြဝတီနှင့် ရန်ကုန်စီးတီးအသင်းတို့က နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။

သတင်း-ကိုညီလေး

ဓာတ်ပုံ - စိုးညွန့်သော်