ကွာလာလမ်ပူ ဇွန် ၂၉
မလေးရှားလေကြောင်းလိုင်းမှ ပျောက်ဆုံးခဲ့သည့် လေယာဉ်အမှတ် MH370 ၏ အစိတ်အပိုင်းများအား အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းရှိ ရေအောက်ထဲတွင် ရှာဖွေသည့်လုပ်ငန်းဆောင်ရွက်ရန် အတွက် မလေးရှားအစိုးရနှင့် ရှာဖွေရေးကုမ္ပဏီ Ocean Infinity ကြား သဘောတူညီချက်ကို တစ်နှစ် သက်တမ်းတိုးခဲ့ကြောင်း မလေးရှားပို့ဆောင်ရေးဝန်ကြီး အန်ထော်နီလိုကီဆီဖော့က ဇွန် ၂၉ ရက်တွင် ပြောကြားသည်။
သဘောတူညီချက် သက်တမ်းတိုးသည့်ကာလသည် ယခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၂၇ ခုနှစ် ဇွန် ၃၀ ရက်အထိ အကျုံးဝင်မည်ဟု သိရသည်။
ယခုသက်တမ်းတိုးခဲ့သည့် သဘောတူညီချက်သည် မူလက သဘောတူညီချက်များအတိုင်း မပြောင်းလဲဘဲတည်ရှိမည်ဖြစ်ပြီး ပျောက်ဆုံးခဲ့သည့် လေယာဉ်အစိတ်အပိုင်းကို မတွေ့ရှိပါက အစိုးရအနေဖြင့် ရှာဖွေရေးကုမ္ပဏီအား အခကြေးငွေ တစ်စုံတစ်ရာပေးရန်မလိုအပ်ကြောင်း သဘောတူညီချက်တွင် သတ်မှတ်ထားသည်။ သို့ရာတွင် လေယာဉ်အစိတ်အပိုင်းရှိသည့်နေရာကို ဖော်ထုတ်နိုင်က အစိုးရအနေဖြင့် ရှာဖွေရေးကုမ္ပဏီအား ကန်ဒေါ်လာ သန်း ၇၀ ပေးရမည်ဟုလည်း သဘောတူညီချက်အရ သိရသည်။ ယခုကဲ့သို့ သဘောတူညီချက်ကို သက်တမ်းတိုးခြင်းဖြင့် ရှာဖွေရေးကုမ္ပဏီအနေဖြင့် ရေအောက်စတုရန်းကီလိုမီတာ ၇၄၂၈၅၄ အကျယ်အဝန်းတွင် ထပ်မံရှာဖွေရမည်ဖြစ်သည်။
MH370 ပျောက်ဆုံးမှုသည် ၂၀၁၄ ခုနှစ် မတ် ၈ ရက်တွင် ဖြစ်ပွားခဲ့သော မတော်တဆမှုတစ်ခုဖြစ်ပြီး ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပေကျင်းသို့ ပျံသန်းနေသော လေယာဉ်သည် ခရီးသည် ၂၃၉ ဦး နှင့်အတူ ရေဒါမျက်နှာပြင်မှ ပျောက်ဆုံးသွားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


