ဒေါက်တာသန့်စင် (ရူပဗေဒ)
ကျွန်တော်၏မိခင်သည် မူလတန်းပြဆရာမတစ်ဦးဖြစ်ပါသည်။ ယခုအခါ အငြိမ်းစားယူပြီး အသက် ၉၅ နှစ်ရှိပြီဖြစ်ပါသည်။ ကျွန်တော်၏မိခင်ဘက်မှ အမျိုးများသည်လည်း အခြေခံပညာ ဆရာ ဆရာမ၊ ကျောင်းအုပ်၊ ပညာရေးမှူးအငြိမ်းစားများဖြစ်ကြပါသည်။ ကျွန်တော်သည် အခြေခံပညာရေးကို များစွာစိတ်ဝင်စားပါသည်။ ကျွန်တော်အထက်တန်းကျောင်းသားဘဝက ရူပဗေဒနှင့် သင်္ချာဘာသာရပ်ကို များစွာစိတ်ဝင်စားခဲ့ပါသည်။ တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း သင်္ချာနှင့် ရူပဗေဒဘာသာရပ်ဂုဏ်ထူးဖြင့် မုံရွာမြို့ အထက (၁)မှ အောင်မြင်ခဲ့ပါသည်။
ရူပဗေဒနှင့် သင်္ချာကို ဘာကြောင့် စိတ်ဝင်စားရသနည်းဆိုသော် အထက်တန်းကျောင်းသားဘဝတွင် ထိုဘာသာရပ်နှစ်ခုကို သင်ကြားပေးသည့် ဆရာများသည် ဘာသာရပ်ကိုသင်ကြားရာတွင် အလွန် ကျွမ်းကျင်ပြီး ကျွန်တော်တို့ကို သင်ကြားနည်းမျိုးစုံဖြင့် စိတ်ဝင်စားအောင် သင်ကြားပေးပါသည်။ ဆရာ ဆရာမဦးရေ ပြည့်စုံစွာရှိခြင်းကြောင့်လည်း ပါဝင်ပါသည်။
ထိုအချိန်က သင်္ချာသင်ရာတွင် အက္ခရာသင်္ချာ၊ တြီဂိုနိုမေတြီ၊ ဂျီသြမေတြီဘာသာရပ်သုံးခုကို ဆရာသုံးဦးက သီးခြားစီသင်ကြားပေးပါသည်။ ကျွန်တော်အားနေလျှင် သင်္ချာနှင့် ရူပဗေဒပုစ္ဆာများကိုသာ လေ့လာနေမိပါသည်။ ထိုဆရာများ စာသင်မည့်အချိန်ကိုသာ စောင့်နေမိသည်အထိ ဘာသာရပ်ကိုစိတ်ဝင်စားပါသည်။ သတိပြုမိသည်မှာ ထိုအချိန်က ဓာတုဗေဒဘာသာရပ်တွင် သင်ကြားနေသော ဆရာများမှာ မြို့နယ်မှ အလုပ်များဖြင့် အစည်းအဝေး မကြာခဏတက်နေရသောကြောင့် အစားထိုး ဆရာ ဆရာမများက ဝင်ရောက်သင်ကြားနေရပြီး ကျွန်တော်သည် ဓာတုဗေဒဘာသာကို ကောင်းစွာစိတ်မဝင်စားတော့ပါ။
ယခု ကျွန်တော်သည် တက္ကသိုလ်ဆရာ၊ ပညာရေးသုတေသန၊ ကျောင်းပြင်ပ ပညာရေးတို့တွင် ဝန်ထမ်းလုပ်သက် ၃၇ နှစ်ခန့်လုပ်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်ရာထူးဖြင့် အငြိမ်းစားယူခဲ့ပါသည်။ ထို့ကြောင့် ပညာရေးကိုစိတ်ဝင်စားသဖြင့် ယခုဆောင်းပါးကိုရေးရ ခြင်းဖြစ်ပါသည်။ အခြေခံပညာ ဆရာ ဆရာမများသည် ကျောင်းသား ကျောင်းသူများကို စာပေသင်ကြားရေးတွင်သာမက အကျင့်စာရိတ္တ၊ ပြည်သူ့နီတိ၊ ပေါင်းသင်းဆက်ဆံရေး၊ မိမိကိုယ်မိမိ တာဝန်ယူတတ်မှု စသည်တို့ကိုပါ သင်ကြားပို့ချပေးနေရသော စံပြပုဂ္ဂိုလ်များဖြစ်ပါသည်။
တက္ကသိုလ်ကြီးနှစ်ခု၌ ဆရာ ဆရာမများကို အဓိကထား သင်ကြားမွေးထုတ်
မြန်မာနိုင်ငံတွင် အခြေခံပညာ ဆရာ ဆရာမ သုံးသိန်းတစ်သောင်း ခန့်ရှိပါသည်။ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ ကျောင်းသား ကျောင်းသူဦးရေ ၇ ဒသမ ၃ သန်းကျော်ရှိကြောင်း သိရပါသည်။ ဆရာ ဆရာမများအတွက် မြန်မာနိုင်ငံတွင် ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်ဟူသည့် တက္ကသိုလ်ကြီးနှစ်ခု၌ ဆရာ ဆရာမများကို အဓိကထား သင်ကြားမွေးထုတ်ပေးနေပြီး ဆရာအတတ်သင်ကောလိပ် ၂၅ ခုမှလည်းပါဝင်ကာ ဆရာ ဆရာမများ၏သင်ကြားရေးကို ပါဝင်ထောက်ပံ့ပေးနေပါသည်။
ဂရိလူမျိုး သမိုင်းပညာရှင် ဟီရိုဒိုးတပ်စ် ( Herodotus ) က “ပညာရေးကိုတိုးတက်အောင်ပြုပြင်လိုလျှင် ဆရာကို ပြုပြင်ရမည်၊ ဆရာကို ပြုပြင်လိုလျှင် ဆရာအတတ်ပညာကို မြှင့်တင်ရမည်”ဟု ပြောကြားခဲ့ပါသည်။
အခြေခံပညာ ဆရာ ဆရာမများ အရည်အချင်းကို တိုးတက်စေရန် အောက်ပါတို့လိုအပ်ပါသည် -
(၁) သင်ကြားရေးနည်းလမ်းများဆိုင်ရာ သင်တန်းများကို ပုံမှန် စဉ်ဆက်မပြတ် သင်တန်းပေးခြင်း၊ (ကျောင်းသားဗဟိုပြု သင်ကြားရေး (Student – Centered Learning ) ကို အားပေးခြင်း)၊
(၂) ဘာသာရပ်ဆိုင်ရာ အသိပညာများ အဆင့်မြှင့်သင်ကြားပေးခြင်း (သင်ရိုးညွှန်းတမ်းအသစ်များနှင့် ကိုက်ညီသည့် အသိပညာများလေ့ကျင့်ပေးခြင်း)၊
(၃) ICT နှင့် ဒီဂျစ်တယ်နည်းပညာ အသုံးပြုနိုင်မှု မြှင့်တင်ပေးခြင်း (ကွန်ပျူတာ၊ အင်တာနက်မှစ၍ AI နည်းပညာများကို လက်တွေ့အသုံးပြုနိုင်ရန် သင်ကြားပေးခြင်း)
(၄) အတွေ့အကြုံဖလှယ်ခြင်းအစီအစဉ်များ ပြုလုပ်ပေးခြင်း၊ (ဆရာ ဆရာမအချင်းချင်း သင်ကြားရေးအတွေ့အကြုံများ မျှဝေနိုင်ရန် ဆောင်ရွက်ပေးခြင်း)၊
(၅) သုတေသနနှင့် ဆန်းသစ်တီထွင်မှုများ အားပေးခြင်း၊
(၆) စွမ်းဆောင်ရည်အကဲဖြတ်ခြင်းနှင့် အကြံပြုချက်များပေးခြင်း၊
(၇) ပညာရေးဆိုင်ရာ အရင်းအမြစ်များ လုံလောက်စွာပံ့ပိုးပေးခြင်း။ ( သင်ကြားရေးစာအုပ်များ ၊ သင်ထောက်ကူပစ္စည်းများ လုံလောက်စွာဖြည့်ဆည်းပေးခြင်း)
ဆရာအတတ်ပညာအရည်အသွေးလည်းရှိရန်လိုအပ်
ဆရာတစ်ဦးသည် စာပေအရည်အသွေး (Academic Qualification) ရှိရမည့်အပြင် ဆရာအတတ်ပညာအရည်အသွေး (Teacher Education Qualification)လည်းရှိရန် လိုအပ်ပါသည်။ ထို့အတူ အရည်အသွေးရှိ ပညာရေးသို့ဦးတည်ရာတွင် ဆရာ၏လစာ၊ ဆရာ၏ လူမှုစီးပွားဘဝ၊ ဆရာ၏ဂုဏ်သိက္ခာနှင့် ဆရာ၏ကျင့်ဝတ်များ ကောင်းမွန်၊ ခိုင်မာရေးသည်လည်း အဓိကကျပါသည်။ ဆရာ ဆရာမများအတွက် ထိုက်တန်လျော်ကန်သည့် ကူညီပံ့ပိုးမှုအစီအစဉ်များကိုလည်း နိုင်ငံတော်က ပံ့ပိုးပေးလျက်ရှိပါသည်။ ကျောင်းများကိုအုပ်ချုပ်သည့် ကျောင်းစီမံအုပ်ချုပ်မှုကဏ္ဍသည်လည်း အရည်အသွေးရှိ ပညာရေးသို့ ဦးတည်ရာတွင် အရေးကြီးသည့်အချက်တစ်ချက် ဖြစ်ပါသည်။
ဆရာ ဆရာမများအတွက် စာပေပညာနှင့် ဆရာအတတ်ပညာကို တစ်ပြိုင်နက် သင်ကြားပေးသည့်စနစ်များရှိသလို စာပေပညာ တတ်မြောက်ပြီးမှ ဆရာအတတ်ပညာကို ထပ်ဆင့်သင်ယူသည့်ပုံစံ (Consecutive Model) များကို နည်းအမျိုးမျိုးဖြင့် နိုင်ငံအသီးသီးတွင် ဆရာများ ပညာရည်မြင့်မားရန် သင်ကြားပေးလျက်ရှိပါသည်။
သင်ပြနည်းမျိုးစုံဖြင့် သင်ကြားနေရ
ဆရာ ဆရာမများက စာသင်ခန်းအတွင်းရှိ ကျောင်းသား ကျောင်းသူများကို စာပေသင်ကြားရာတွင် သင်ပြနည်းမျိုးစုံဖြင့် သင်ကြားနေရပါသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းသား ကျောင်းသူ များသည် ဉာဏ်ရည်ဉာဏ်သွေး၊ အကျင့်နှင့် တစ်ကိုယ်ရေစာပေကို စိတ်ဝင်စားမှုချင်း တစ်ဦးနှင့်တစ်ဦး မတူကြပါ။
ပုံပြောသင်ပြနည်း၊ မေးခွန်းနှင့်အဖြေပြော၍ သင်ပြနည်း၊ ဟောပြောဆွေးနွေးသင်ပြနည်း၊ သရုပ်ပြသင်ကြားနည်း၊ လက်တွေ့ စမ်းသပ်ခန်းအသုံးပြု၍ သင်ကြားနည်း၊ ကွင်းဆင်းလေ့လာသင်ကြားနည်း၊ အုပ်စုဖွဲ့သင်ကြားနည်း၊ အပြန်အလှန်ပြောဆိုသင်ကြားနည်း စသည်ဖြင့် သင်ကြားနည်း မြောက်မြားစွာရှိပါသည်။ အဓိကမှာ ကျောင်းသား ကျောင်းသူများကို ပညာရပ်ဆိုင်ရာများ သင်ကြားပေးသည့်အပြင် ကျောင်းသား ကျောင်းသူများ၏ လူနှင့်စိတ်ကိုပါ ပြုပြင်ပေးသည့် သင်ပြပေးသည့်စနစ်မှာ အကောင်းဆုံးဖြစ်ပါသည်။
အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြဆရာ ဆရာမများတွင် မူလတန်းပြဆရာ ဆရာမဦးရေက ပိုမိုများပြားပါသည်။ ဆရာ ဆရာမများ၏ ရာထူးအဆင့်ဆင့် တိုးတက်ပြောင်းရွှေ့ ပေးရေးသည်လည်း ဆရာ ဆရာမများ၏ဘဝတွင် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ သင့်လျော်သည့်အချိန်တွင် ရာထူးတိုးပေးခြင်း၊ ဆရာ ဆရာမများ၏ ဆန္ဒပြုသည့်နေရာနှင့် အနီးဆုံး နေရာများသို့ ပြောင်းရွှေ့ပေးခြင်းသည် ဆရာ ဆရာမများ၏ စိတ်ပျော်ရွှင်ကျေနပ်မှုကို ဖြစ်ပေါ်စေပါသည်။
ဆရာ ဆရာမများသည် ဘာသာရပ်ဆိုင်ရာသာမက အခြားပြင်ပ ဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို လေ့လာနေရန် လိုအပ်ပါသည်။ သို့မှသာ တပည့်များကို ပညာရေးအပြင် အခြားဗဟုသုတများကို ပါ ထည့်သွင်းသင်ကြားပေးနိုင်မည်ဖြစ်ပါသည်။ ကျောင်းသား ကျောင်းသူများ စာပေဖတ်ရှုရန် စာကြည့်တိုက်၊ ပြတိုက်များ လေ့လာစိတ်ဝင်စားစေရေး သင်ကြားလမ်းညွှန်ပြသပေးရပါမည်။
ယခုအခါ အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံ ပညာရေးကဏ္ဍ အဆင့်မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်နေပါသည်။ ဆရာ ဆရာမများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်ကြပါစို့ဟု အကြံပြုရေးသားတင်ပြလိုက်ရပါသည်။ ။


