ဒေါက်တာဇေယျာဝင်း

 

ကမ္ဘာ့ရာသီဥတု စောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် နှောင်းပိုင်းကနေ ၂၀၂၇ ခုနှစ်အတွင်းမှာ အားကောင်းတဲ့အယ်လ်နီညို (Strong El Niño) ဒါမှမဟုတ် စူပါအယ်လ်နီညို (Super El Niño) ဖြစ်ပေါ်လာနိုင်ခြေရှိနေတယ်လို့ သိရပါတယ်။

 

အယ်လ်နီညိုဆိုတာ

 

အယ်လ်နီညိုဆိုတာ ပစိဖိတ်သမုဒ္ဒရာအီကွေတာအနီး ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက်မြင့်တက်လာတာကြောင့် ဖြစ်ပေါ်တဲ့ရာသီဥတုပြောင်းလဲမှုဖြစ်ပြီး ကမ္ဘာတစ်ဝန်း ရာသီဥတုပုံစံတွေကို သက်ရောက်မှုရှိစေပါတယ်။ အယ်လ်နီညိုရဲ့ သမိုင်းအစဟာ ပီရူးတံငါသည်တွေရဲ့ “ခရစ္စမတ် ရေနွေးစီးကြောင်း” တွေကို သတိပြုမိရာကနေစတင်ခဲ့ပြီး ယနေ့ခေတ်မှာတော့ ကမ္ဘာ့စိုက်ပျိုးရေး၊ မိုးလေဝသနဲ့ သဘာဝဘေးအန္တရာယ်တွေကိုပါ အကြီးအကျယ်လွှမ်းမိုးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဖြစ်စဉ်ကြီးအဖြစ် သိပ္ပံပညာရှင်တွေက စောင့်ကြည့်နေရတဲ့အဆင့်အထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

 

၁၆၀၀ ပြည့်နှစ်ဝန်းကျင် (၁၇ ရာစု) ကတည်းက ပီရူးနဲ့အီကွေဒေါနိုင်ငံက တံငါသည်တွေဟာ နှစ်အနည်းငယ်မှာ တစ်ကြိမ်၊ ခရစ္စမတ်ကာလ (ဒီဇင်ဘာလနှောင်းပိုင်း) ရောက်တိုင်း ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းရေပြင်က ပုံမှန်ထက် ထူးခြားစွာပူနွေးလာတတ်တာကို သတိပြုမိခဲ့ကြပါတယ်။ ရေနွေးစီးကြောင်းကြောင့် ပုံမှန်ဖမ်းနေကျငါးတွေ ပျောက်ကွယ်သွားတတ်သလို ကုန်းပေါ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းတတ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ခရစ္စမတ်အချိန်အခါနဲ့ တိုက်ဆိုင်နေလို့ စပိန်ဘာသာစကားနဲ့ "El Niño" (The Boy Child သို့မဟုတ် ခရစ္စမတ်သူငယ်တော်) လို့ အဓိပ္ပာယ်ရတဲ့အမည်ကို ပေးခဲ့ကြတာဖြစ်ပါတယ်။

 

သိပ္ပံနည်းကျ လေ့လာသုတေသနပြုကြခြင်း

 

၁၉ ရာစုနှောင်းပိုင်း - ၂၀ ရာစုအစမှာတော့ သိပ္ပံနည်းကျ စတင်လေ့လာမှုများ လုပ်ဆောင်ခဲ့ ကြပါတယ်။ အစပိုင်းမှာ ဒေသတွင်းဖြစ်စဉ်တစ်ခုလို့ပဲ ထင်ခဲ့ကြပေမယ့် ၁၈၉၀ ပြည့်နှစ်တွေမှာ သိပ္ပံပညာရှင်တွေက ဒါဟာပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ရာသီဥတုပြောင်းလဲမှုကြီးဖြစ်မှန်း စတင်ရိပ်မိလာကြပါတယ်။ ၁၉၂၀ ပြည့်နှစ်တွေမှာ ဗြိတိသျှရုပ်ပညာရှင် ဆာဂီးလ်ဘတ်ဝေါ်ကာ (Sir Gilbert Walker) က အိန္ဒိယမုတ်သုံလေ အားနည်းရခြင်းအကြောင်းကိုလေ့လာရင်း ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းနဲ့ အနောက်ပိုင်းကြားက လေဖိအားပြောင်းလဲမှုဖြစ်စဉ် (Southern Oscillation) ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

 

ဒါပေမယ့် အဲဒီအချိန်တုန်းက သမုဒ္ဒရာရေပူလာတာ (အယ်လ်နီညို) နဲ့ လေဖိအားပြောင်းလဲတာ (Southern Oscillation) ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေမှန်း မသိကြသေးပါဘူး။ ၁၉၆၉ ခုနှစ် မှာတော့ နော်ဝေ-အမေရိကန် မိုးလေဝသပညာရှင် ဂျေးကော့ဘ် ဘာ့ဂ်နက်စ် (Jacob Bjerknes) က အယ်လ်နီညို (သမုဒ္ဒရာရေပြင်ပူနွေးမှု) နဲ့ ဝေါ်ကာ ရှာဖွေခဲ့တဲ့ လေဖိအားပြောင်းလဲမှုဟာ သီးခြားစီမဟုတ်ဘဲ တောက်လျှောက်ဆက်စပ်နေတဲ့ ကမ္ဘာ့ ရာသီဥတုစက်ဝန်းကြီးတစ်ခုဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် သိပ္ပံလောကမှာ အယ်လ်နီညိုကို ENSO (El Niño-Southern Oscillation) လို့ ယနေ့ထိတိုင် ခေါ်ဝေါ်သုံးစွဲလာကြတာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံနှင့် အယ်လ်နီညို

 

မြန်မာနိုင်ငံဟာ ပထဝီဝင်အနေအထားအရ မုတ်သုံရာသီဥတုကို အဓိကမှီခိုနေရတာနဲ့အညီ အယ်လ်နီညို (El Niño) ဖြစ်စဉ်ရဲ့သက်ရောက်မှုကို ပြင်းထန်စွာခံရလေ့ရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ အယ်လ်နီညိုဖြစ်ပေါ်တဲ့နှစ်တွေမှာ မြန်မာနိုင်ငံ၌ အပူချိန်အဆမတန် မြင့်မားခြင်း၊ မိုးရွာသွန်းမှုနည်းပါးခြင်း၊ မိုးနောက်ကျခြင်းနဲ့ ရေရှားပါးမှုပြဿနာတွေ ပုံမှန်ကြုံတွေ့ရလေ့ရှိပါတယ်။

 

မြန်မာနိုင်ငံ သမိုင်းတစ်လျှောက်မှာ အယ်လ်နီညိုဟာ ရိုးရာစိုက်ပျိုးရေးစနစ်နဲ့ ကျေးလက်လူထုကို အဓိကဒုက္ခပေးတဲ့ သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ခဲ့ပါတယ်။ လက်ရှိကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု (Climate Change) ကြောင့် နောက်ပိုင်းကြုံတွေ့ရတဲ့ အယ်လ်နီညိုဖြစ်စဉ်တွေဟာ အရင်ကထက် ပိုမိုပြင်းထန်လာပြီး အပူချိန်စံချိန်သစ်တွေ ဆက်တိုက်ချိုးလျက်ရှိတာကိုလည်း တွေ့ရပါတယ်။

 

မြန်မာနိုင်ငံမှာ ထင်ရှားတဲ့အယ်လ်နီညိုဖြစ်စဉ်နဲ့ သက်ရောက်မှုတွေအနေနဲ့ ၁၉၉၇ - ၁၉၉၈ ခုနှစ် (အားအလွန်ပြင်းတဲ့ အယ်လ်နီညို) ဟာ မြန်မာ့သမိုင်းမှာ အပူချိန်အမြင့်ဆုံးနဲ့ အခြောက်သွေ့ဆုံးနှစ်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ဧရာဝတီမြစ်အပါအဝင် မြစ်ကြီးတွေမှာ ရေမျက်နှာပြင်စံချိန်တင်ကျဆင်းခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍကို ပြင်းထန်စွာထိခိုက်ခဲ့ပါတယ်။ ဆက်လက်ပြီး ၂၀၁၅ - ၂၀၁၆ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ အယ်လ်နီညိုဟာ အာနိသင်အလွန်ပြင်းထန်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်း စံချိန်တင်အပူချိန်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပုသိမ်၊ မကွေး၊ မန္တလေးနဲ့ မုံရွာ စတာတွေမှာ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ကနေ ၄၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားခဲ့တယ်။ ကျေးရွာပေါင်းထောင်ချီ ရေရှားပါးမှုဒဏ်ခံခဲ့ရပြီး အယ်လ်နီညိုအလွန်မှာလည်း “နာဂစ်” လို မဟုတ်ပေမယ့် ပြင်းထန်တဲ့ မုန်တိုင်းအချို့နဲ့ ရေကြီးမှုတွေ နောက်ဆက်တွဲဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၃ - ၂၀၂၄ ခုနှစ်တွေမှာလည်း ကမ္ဘာလုံးဆိုင်ရာ အယ်လ်နီညိုစံချိန်တင်ဖြစ်စဉ်နဲ့အတူ မြန်မာနိုင်ငံမှာလည်း ၂၀၂၄ ခုနှစ် နွေရာသီက အပူလှိုင်း (Heat Waves) တွေ ပြင်းထန်စွာရိုက်ခတ်ခဲ့ပြီး ရေရှားပါးမှုပြဿနာတွေ ခံစားခဲ့ရပါတယ်။

 

အယ်လ်နီညိုသက်ရောက်မှုများ

 

စူပါအယ်လ်နီညိုဖြစ်ပေါ်လာရင် အပူချိန်မြင့်တက်ခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားပါးခြင်းနဲ့ စိုက်ပျိုးရေးထုတ်လုပ်မှုထိခိုက်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ အပူလွန်ကဲခြင်းကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေမှာ အပူလျှပ်ခြင်း (Stroke) ကြောင့် သေဆုံးမှုနှုန်း မြင့်မားလာတတ်ပါတယ်။ လျှပ်စစ်ထုတ်လုပ်မှုမှာလည်း ရေအားလျှပ်စစ်ကို အဓိကအားကိုးရတာကြောင့် ဆည်တွေမှာရေခန်းခြောက်ပြီး တစ်နိုင်ငံလုံး အလှည့်ကျမီးပေးစနစ်နဲ့ ရုန်းကန်ရလေ့ရှိပါတယ်။

 

စိုက်ပျိုးရေးကဏ္ဍမှာလည်း မိုးရွာသွန်းမှု လျော့နည်းလာတာကြောင့် ဆန်၊ ပဲ၊ နှမ်းနဲ့ အခြား သီးနှံတွေရဲ့ အထွက်နှုန်းကျဆင်းနိုင်ပါတယ်။ ရေသိုလှောင်ကန်တွေနဲ့ ဆည်တွေမှာ ရေဝင်ရောက်မှုလျော့နည်းလာရင် စိုက်ပျိုးရေအခက်အခဲ ပိုမိုကြုံတွေ့နိုင်ပါတယ်။ ဒါ့အပြင် မွေးမြူရေးလုပ်ငန်းတွေမှာလည်း တိရစ္ဆာန်တွေအပူဒဏ်ခံရခြင်းနဲ့ သောက်သုံးရေရှားပါးခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။ စူပါအယ်လ်နီညိုကာလအတွင်း တောမီးလောင်ကျွမ်းမှုအန္တရာယ်လည်း မြင့်တက်လာနိုင်ပါတယ်။ ခြောက်သွေ့တဲ့ ရာသီဥတုကြောင့် တောမီးတွေ ပိုမိုဖြစ်ပွားလာနိုင်ပြီး မီးခိုးနဲ့လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ပိုမိုများပြားလာနိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ရေကိုချွေတာသုံးစွဲခြင်း၊ အပူပြင်းချိန်မှာ နေပူထဲအချိန်ကြာမြင့်စွာမနေခြင်း၊ ကျန်းမာရေးသတိပြုစောင့်ကြည့်ခြင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းနဲ့ ရာသီဥတုသတင်းအချက်အလက် အမြဲစောင့်ကြည့်ခြင်းတွေကို ဆောင်ရွက်သင့်ပါတယ်။

 

အလေးထားရမည့် ကျန်းမာရေး

 

အယ်လ်နီညိုကာလဟာ အပူဒဏ်၊ ရေရှားပါးမှု၊ ကူးစက်ရောဂါနဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ပိုမိုဖြစ်ပွားစေနိုင်တဲ့ ကာလဖြစ်ပါတယ်။ ဒါ့ကြောင့် ရေကိုလုံလောက်စွာ သောက်သုံးခြင်း၊ အပူဒဏ်ကာကွယ်ခြင်း၊ အစားအစာနဲ့ပတ်ဝန်းကျင်သန့်ရှင်း ရေးဂရုစိုက်ခြင်း စတာတွေကို လုပ်ဆောင်ခြင်းအားဖြင့် မိမိနဲ့မိသားစုရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့ အရေးကြီးပါတယ်။

 

ရာသီဥတုပြောင်းလဲမှုကြောင့် ခြင်ပေါက်ပွားမှုပုံစံတွေ ပြောင်းလဲလာပြီး သွေးလွန်တုပ်ကွေးရောဂါနဲ့ အခြားခြင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ တိုးပွားလာနိုင်ပါတယ်။ အပူဒဏ်ကြောင့် တိုက်ရိုက်ဖြစ်ပွားနိုင်တဲ့ ကျန်းမာရေးပြဿနာအနေနဲ့ အပူဒဏ်ကြောင့် ကိုယ်လက်နွမ်းနယ်ခြင်း၊ အပူလျှပ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ခေါင်းမူး၊ မောပန်းခြင်း၊ သွေးပေါင်ကျခြင်းစတာတွေ ဖြစ်ပါတယ်။

 

ဒါ့ကြောင့် ရေသန့်များများသောက်ပါ။ နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအတွင်း နေပူထဲအချိန် ကြာမြင့်စွာမနေပါနဲ့။ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပါ။ ကလေးငယ်နဲ့ အသက်ကြီးသူတွေကို အထူးဂရုစိုက်ပါ။ ရေရှားပါးမှုနဲ့ ဆက်စပ်ပြီးတော့ ဖြစ်ပွားတတ်တဲ့ ရောဂါတွေအနေနဲ့ မသန့်ရှင်းတဲ့ရေကို အသုံးပြုရခြင်းကြောင့် ဝမ်းလျှောရောဂါ၊ အစာအဆိပ်သင့်ခြင်း၊ အူလမ်းကြောင်းရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ ဒါကို ကာကွယ်နိုင်ဖို့အတွက် ရေကိုကျိုချက်ပြီးသောက်သုံးပါ။ လက်ဆေးတဲ့ အလေ့အကျင့်ကောင်းကိုလိုက်နာပါ။ အစားအစာကို သန့်ရှင်းစွာပြင်ဆင်စားသုံးပါ။ မိုးခေါင်ခြင်းနဲ့ တောမီးလောင်ကျွမ်းမှုကြောင့် လေထုညစ်ညမ်းမှုနဲ့ အသက်ရှူလမ်းကြောင်း ရောဂါတွေဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောဂါ၊ မျက်စိယားယံခြင်း၊ နှာခေါင်းနဲ့ လည်ချောင်း ယားယံခြင်းတွေ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ ကာကွယ်ရန်အနေနဲ့ ဖုန်ထူတဲ့နေရာတွေမှာ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ပါ။ မီးခိုးငွေ့များတဲ့နေရာတွေကို ရှောင်ရှားပါ။

 

ထို့နည်းတူ အယ်လ်နီညိုကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေ လျော့နည်းလာနိုင်ပြီး အာဟာရချို့တဲ့မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့ကြောင့် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို မျှတစွာစားသုံးပါ။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားသုံးပါ။ ကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အာဟာရကိုအထူးဂရုစိုက်ပါ။ ဒါ့အပြင် အပူချိန်မြင့်တက်ခြင်းနဲ့ တခြားအခက်အခဲကြောင့် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ အိပ်မပျော်ခြင်းတွေ ဖြစ်ပွားနိုင်ပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုံလောက်စွာအနားယူပါ။ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ပံ့ပိုးမှုကို ရယူပါ။ စိတ်ဖိစီးမှုလျှော့ချနိုင်တဲ့ လေ့ကျင့်ခန်းတွေပြုလုပ်ပါ။

 

အချုပ်အားဖြင့် စူပါအယ်လ်နီညိုနဲ့အတူ ဒွန်တွဲပါလာတဲ့အကျိုးဆက်တွေကို ကြိုတင်ပြင်ဆင်ခြင်းဖြင့် လျှော့ချနိုင်ပါတယ်။ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံနိုင်ရည်ရှိမယ့် ပြည်သူ့ကျန်းမာရေးစနစ်တည်ဆောက်ခြင်း၊ ကြိုတင်သတိပေးချက်တွေကိုလိုက်နာခြင်းနဲ့ တစ်ကိုယ်ရေကျန်းမာရေးဂရုစိုက်ခြင်းစတာတွေဟာ သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားရာမှာ အဓိကသော့ချက်တွေ ဖြစ်ပါတယ်။ “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ထိရောက်သည်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း စူပါအယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာမယ့် ကျန်းမာရေးဆိုးကျိုးတွေကို အားလုံးစုပေါင်း၍ သတိပြုပြင်ဆင်ခြင်းဖြင့် မိမိနဲ့အတူမိမိပတ်ဝန်းကျင်ရှိ အသက်ပေါင်းများစွာကို ကာကွယ်စောင့်ရှောက်ကြပါစို့ဟု နှိုးဆော်တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။