ရန်ကုန်     ဇွန်     ၂၉

၂၀၂၆ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲတွင် မြန်မာအသင်း၏ အုပ်စုအိမ်ကွင်းပွဲများကို  ရန်ကုန်မြို့  သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို  ငါးသင်းနှစ်အုပ်စုခွဲ၍  ဇူလိုင် ၂၄ ရက်မှ  သြဂုတ် ၂၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်တစ်သင်းလျှင် အုပ်စုလေးပွဲကို  အိမ်ကွင်း နှစ်ပွဲ၊ အဝေးကွင်း နှစ်ပွဲကစားရမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ  အုပ်စု (A) တွင်  ဗီယက်နမ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တီမော၊ အုပ်စု (B) တွင် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ မြန်မာ၊  လာအိုအသင်းတို့  ပါဝင်နေသည်။ မြန်မာအသင်းသည်  အုပ်စုပွဲများအနက်  မလေးရှား၊ လာအိုအသင်းတို့နှင့်ပွဲများကို အိမ်ကွင်း၊ ဖိလစ်ပိုင်၊ ထိုင်းအသင်းတို့နှင့်ပွဲများကို  အဝေးကွင်းကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အိမ်ကွင်းနှစ်ပွဲအနက် မလေးရှားအသင်းနှင့်ပွဲကို ဇူလိုင် ၂၅ ရက်တွင် သုဝဏ္ဏကွင်း၊ လာအိုအသင်းနှင့်ပွဲကို သြဂုတ် ၄ ရက်တွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး နှစ်ပွဲစလုံးကို ညနေ ၄ နာရီခွဲတွင် ကျင်းပမည်ဖြစ်သည်။ အဝေးကွင်းပွဲများအဖြစ် ဇူလိုင် ၂၈ ရက် တွင် ဖိလစ်ပိုင်အသင်း၊ သြဂုတ် ၈ ရက်တွင် ထိုင်းအသင်းနှင့်  ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်နေပြီး နည်းပြချုပ်အဖြစ်  ဦးမျိုးလှိုင်ဝင်းက  ကိုင်တွယ်နေသည်။   ဦးမျိုးလှိုင်ဝင်းသည် အာဆီယံဖလားပြိုင်ပွဲဝင် မြန်မာအသင်းကို နှစ်ကြိမ်ဆက်တိုက် ကိုင်တွယ်ခွင့်ရခြင်းဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-MFF