နေပြည်တော် ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်နေ မောင်ငြိမ်းချမ်းဦး(ဘ) ဦးကျော်ကျော်ဦးသည် ဇွန် ၂၅ ရက်တွင် နေအိမ်မှ ၎င်း၏အလုပ်သို့သွားရောက်စဉ် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့သဖြင့် ၎င်း၏မိသားစုက လူပျောက်ကြော်ငြာများကို၎င်းတို့၏ လူမှုကွန်ရက်မှတစ်ဆင့် ဖြန့်ဝေထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စိစစ်ဖော်ထုတ်ချက်အရ ဇွန် ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် အမျိုးသားတစ်ဦးက ငြိမ်းချမ်းဦး၏ မိခင်ဖြစ်သူထံ ဖုန်းဖြင့်ဆက်သွယ်၍ “ငြိမ်းချမ်းဦးအား ပြန်ပေးဆွဲထားကြောင်း၊ မိခင်ဖြစ်သူနှင့် မိသားစုဝင်များက လူမှုကွန်ရက်ပေါ်တွင် ပို့စ်တင်ရေးသားထားသည့် လူပျောက်ကြော်ငြာ သတင်းများအား ပြန်ဖျက်ပေးရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းဦးအား ပြန်လိုချင်ပါက ပြန်ပေးဆွဲငွေအနေဖြင့် သိန်း ၁၀၀ ကျပ်အား ပေးရမည်ဖြစ်ပြီး ငွေလွှဲပေးရမည့် ဘဏ်အကောင့်အား ပြန်ပြောပေးမည်”ဟု ပြောဆိုလာကြောင်း၊ ထို့နောက် ငြိမ်းချမ်းဦး ၏ရည်းစားဖြစ်သူ ဒေါက်တာခိုင်ဆုရည်သည် ငြိမ်းချမ်းဦး၏ အဒေါ်ဖြစ်သူထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ငြိမ်းချမ်းဦး၏မိခင်ဖြစ်သူသည် ကျန်းမာရေးမကောင်း၍ ဆေးခန်းပြနေရသည်ဟု သတင်းကြားသိရသဖြင့် ကျန်းမာရေးအခြေအနေအား စိုးရိမ်၍ မေးမြန်းဆက်သွယ်လာခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် အဆိုပါဆက်သွယ်လာသော ဖုန်းနံပါတ် များကို တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ ဒေါက်တာခိုင်ဆုရည်အမည်ဖြင့် မှတ်ပုံတင်ထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ဒေါက်တာခိုင်ဆုရည်နှင့် ငြိမ်းချမ်းဦးတို့၏ ပတ်သက်ဆက်နွှယ်မှုများနှင့် ပတ်သက်၍ မသင်္ကာဖွယ်ရာ ကနဦးတွေ့ရှိရသည်။

ဇွန် ၃၀ ရက် နံနက် ၇ နာရီခွဲခန့်တွင်လည်း ငြိမ်းချမ်းဦးက အသံဖျက်၍ ပြန်ပေးဆွဲသူအယောင် ဆောင်ကာ ဖုန်းဖြင့် ထပ်မံဆက်သွယ်လာပြီး “၎င်းတို့ထံ ပိုက်ဆံဘယ်တော့လွှဲပေးမလဲ၊ အချိန်ပေး ထားတာ သုံးရက်ရှိသွားပြီဖြစ်ကြောင်း၊ ၎င်းသည် ငွေသားမလိုဘဲ KBZ Pay ဖြင့်သာလိုချင်ကြောင်း၊ မလွှဲပေးပါက ငြိမ်းချမ်းဦးသည် ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်စာရင်းထဲသို့ ပါသွားမည်ဖြစ်ကြောင်း၊ ငွေကျပ် သိန်း ၁၀၀ အား ငြိမ်းချမ်းဦး၏ KBZ Pay အကောင့်ထဲသို့သာ လွှဲပေးရန်” ထပ်မံပြောကြားလာ သဖြင့် ၎င်းအားဖမ်းဆီးရမိရေး လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၃၀ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် တာမွေမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် ငြိမ်းချမ်းဦးနှင့် ဒေါက်တာခိုင်ဆုရည်တို့အား ဖမ်းဆီးရမိခဲ့သည်။ ငြိမ်းချမ်းဦးအနေဖြင့် ရည်းစားဖြစ်သူနှင့် အချိန်ကြာကြာတွေ့ဆုံနိုင်ရန်အတွက် ဇွန် ၂၇ ရက်တွင် မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်ကာ ယခုကဲ့သို့ စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ ၎င်းအား ပြန်ပေးဆွဲခံရသည်ဟု လိမ်လည်ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသဖြင့် ၎င်းတို့အား တရားဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လတ်တလော လူပျောက်ဆုံးမှုကိစ္စရပ်များနှင့် ပတ်သက်၍ လူမှုကွန်ရက်များတွင် ခေတ်သစ် မီဒီယာအပါအဝင် ပြည်ဖျက်မီဒီယာများက နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ ပြည်သူ့စစ်မှုထမ်း ထမ်းဆောင်ရမှုများနှင့်ပတ်သက်၍ ခေါင်းစဉ်အမျိုးမျိုး၊ အကြောင်းအရာ အမျိုးမျိုးဖြင့် မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိရာ အဆိုပါဖြစ်စဉ်များအား သက်ဆိုင်ရာတာဝန်ရှိသူ များက စစ်ဆေးခဲ့ရာတွင် အထက်ပါဖြစ်စဉ်ကဲ့သို့ မဟုတ်မမှန် ကောလာဟလသတင်းများကို ဖော်ထုတ်တွေ့ရှိရသည်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ထုတ်ပြန်ထားသည့် စစ်မှုထမ်းဥပဒေနှင့် အညီသာ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းမရှိကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် သတင်းတု၊ သတင်းမှားများကို စဉ်းစားချင့်ချိန်သုံးသပ်နိုင်ပါ ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရန်အတွက် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သတင်းစဉ်