နေပြည်တော် ဇူလိုင် ၁
အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။
အဆိုပါဖွင့်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဦးတင်ဦးလွင်၊ ဦးမြင့်ကြိုင်နှင့် ဦးမောင်မြင့်၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့များ၊ ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အဖွဲ့သည် ပြိုင်ပွဲဝင်အသင်းများ၊ ပြိုင်ပွဲတွင် ပါဝင်ကူညီအားဖြည့်ပေးခဲ့သည့် ဘင်ခရာအဖွဲ့နှင့် ဒိုင်လူကြီးများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် (၆)ပေါက်တန်း (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်း၊ အလုပ်သမားဝန်ကြီးဌာနအသင်းနှင့် သာသနာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဇူလိုင် ၁ ရက်မှ ၆ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ခြောက်သင်း စုစုပေါင်းပြိုင်ပွဲဝင် ၂၅၃ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်


