နေပြည်တော် ဇူလိုင် ၁
ပြည်ထောင်စုနယ်မြေ နေပြည်တော် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၁/၂၀၂၆)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး နေပြည်တော် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းသည်။
ထို့နောက် နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် နေပြည်တော်အားကစားရုံ(ရွှေကြာပင်) ၌ ကျင်းပသည့် ၂ဝ၂၆ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရာက်အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးကာဖွင့်ပွဲတွင် ပါဝင်ဖျော်ဖြေကြသည့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သည်။
ယင်းနောက် တပ်ကုန်းမြို့နယ်အသင်းနှင့် ပျဉ်းမနားမြို့နယ်အသင်း၊ လယ်ဝေးမြို့နယ်အသင်းနှင့် ဇေယျာသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးပြီး ပြိုင်ပွဲအပြီးတွင် တပ်ကုန်း မြို့နယ်အသင်းက ပျဉ်းမနားမြို့နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ လယ်ဝေးမြို့နယ် အသင်းက ဇေယျာသီရိမြို့နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)


