နေပြည်တော် ဇူလိုင် ၂
မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ (၁/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မူပိုင်ခွင့်ဆိုင်ရာပညာရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ဗဟိုကော်မတီ အနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေတို့၏ အခန်း ၃၊ ပုဒ်မ ၅ ပါ လုပ်ငန်း တာဝန်များအရ နိုင်ငံတော်တွင် မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းများ ကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာများ ၂၀၂၃-၂၀၂၈ ကိုလည်း ချမှတ်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၌ မူပိုင်ခွင့်အကာအကွယ် ပေးသည့်စနစ် တည်ထောင်ရာတွင် မဟာဗျူဟာများပါ လုပ်ငန်းစဉ်များနှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အောက်ရှိ မူပိုင်ခွင့်ဦးစီးဌာနနှင့်အတူ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဥပဒေများအရ ပြည်တွင်း ပြည်ပမှ မူပိုင်ခွင့် လျှောက်ထားချက်များကို လက်ခံခြင်း၊ စစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ပြီဖြစ်သည့်အတွက် မူပိုင်ခွင့် အကာအကွယ် ရရှိပြီးသူများ၏ မူပိုင်ခွင့် အခွင့်အရေးများကို ချိုးဖောက်မှုများအား ကာကွယ် တားဆီးခြင်းကိုလည်းဆောင်ရွက်ကြရန်လိုအပ်မည် ဖြစ်ကြောင်း။
မူပိုင်ခွင့်ကဏ္ဍနှင့် စပ်လျဉ်းပြီး နိုင်ငံတကာတွင် မူပိုင်ခွင့်စနစ် ကျင့်သုံးနေမှု အခြေအနေများနှင့် မြန်မာနိုင်ငံမူပိုင်ခွင့်စနစ်၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ပြီး ဆက်လက်ဆောင် ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်ရန် လိုအပ်ကြောင်း၊ ယင်းရည်ရွယ်ချက်ဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် နိုင်ငံတကာမူပိုင်ခွင့်ညီလာခံကို ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ညီလာခံမှရရှိခဲ့သည့် ဆွေးနွေးသုံးသပ်ချက်ရလဒ် ကောင်းများနှင့် လေ့လာတွေ့ရှိ ချက်များကို စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန် ခိုင်မာသည့် မူပိုင်ခွင့်စနစ်တစ်ရပ် ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားအဖြစ် အသုံးချကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ညီလာခံမှ ဖော်ထုတ်ရရှိခဲ့သည့် ရှေ့လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ပူးပေါင်းပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြား လိုကြောင်း။
ထို့ပြင် မူပိုင်ခွင့်စနစ်ကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံး ဆောင်ရွက်ကြရမည့် စီးပွားရေး လုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးခြင်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ဒေသထွက်ကုန်များ၊ သယံဇာတ အရင်းအမြစ်များကို ဆန်းသစ်သည့် နည်းပညာများနှင့် ပေါင်းစပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး တီထွင်ဆန်းသစ်မှုများကို ဖော်ထုတ်ပေးနိုင်သည့် သုတေသန လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ် ကြောင်း၊ သုတေသနလုပ်ငန်းများမှ ပေါ်ထွက်လာသည့် အဆင့်မြင့် နည်းပညာအသစ်များကို မူပိုင်ခွင့် အကာအကွယ်ရယူပြီး စီးပွားရေး လုပ်ကိုင်သူများနှင့် လိုအပ်သူများဆီကို နည်းပညာလွှဲပြောင်းပေး ခြင်းဖြင့် ဝင်ငွေရစေမည့် မူပိုင်ခွင့် စနစ်တစ်ရပ်သည် နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို အထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း။
ထို့ကြောင့် ဆန်းသစ်တီထွင်မှုနှင့် ဖန်တီးမှုများ မြင့်မားတိုးတက်လာစေရန်အတွက် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ သုတေသနဌာနများနှင့် MSME လုပ်ငန်းရှင်များအကြား သုတေသနဆောင်ရွက်မှု၊ နည်းပညာဖြန့်ဖြူးမှု၊ နည်းပညာ အသုံးချမှု စသည့်လုပ်ငန်းများကို ချိတ်ဆက်ပေးမည့် မူပိုင်ခွင့် ဂေဟစနစ် တစ်ရပ်ကိုလည်း ဖန်တီးရန် လိုအပ်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်၊ သုတေသနဌာနများနှင့် မူပိုင်ခွင့်ဦးစီးဌာနတို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နည်းပညာနှင့် တီထွင် ဆန်းသစ်မှု အထောက်အကူပြုစင်တာ (Technology and Innovation Support Center-TISC)များကို ပြည်သူများသိရှိကြစေရန်နှင့် မူပိုင်ခွင့်ဆိုင်ရာ သတင်းအချက်အလက်များ ရယူသုံးစွဲနိုင် စေရေး အသိပညာပေးကြရန် မှာကြားလိုကြောင်း။
အာဆီယံ စီးပွားရေးအသိုက် အဝန်းတွင်ပါသည့် အာဆီယံ ဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံများနည်းတူ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့် မူပိုင်ခွင့်မှတ်ပုံတင်စနစ်များကို ကျင့်သုံးဆောင် ရွက်နေပြီဖြစ်သောကြောင့် နိုင်ငံ တကာအဆင့် မူပိုင်ခွင့်မှတ်ပုံတင် စနစ်များကို ကျင့်သုံးနိုင်ရေးအတွက် ကမ္ဘာ့မူပိုင်ခွင့် အဖွဲ့ကြီးက အတည်ပြုပြဋ္ဌာန်းထားသော မူပိုင်ခွင့်နှင့် ဆက်နွှယ်နေသည့် နိုင်ငံတကာ သဘောတူစာချုပ်များ နှင့် ကွန်ဗင်းရှင်းများသို့ ဝင်ရောက်နိုင်ရေးကိုလည်း ရှေ့လုပ်ငန်းစဉ်များအနေဖြင့် ဆောင်ရွက်သွား ကြရမည် ဖြစ်ကြောင်း။
ယခုကဲ့သို့ မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ကျင့်သုံးဆောင်ရွက်ရာတွင် အောင်မြင် ကျော်ကြားသည့် ဒေသထွက်ကုန်များ၊ မြန်မာ့ထုတ်ကုန်များကို မူပိုင်ခွင့်ဖြင့် မြှင့်တင်ဆောင်ရွက် ကြရန်နှင့် မူပိုင်ခွင့်အကာအကွယ် ပေးသည့်စနစ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်သူများ၊ တီထွင်ဖန်တီးသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များကို မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတများ စဉ်ဆက်မပြတ် ဖြန့်ဝေပေးရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး /ပြည်နယ် များအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူ များကလည်း ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ ယခု ကျင့်သုံးနေသည့် မူပိုင်ခွင့်စနစ်သည် တစ်မျိုးသားလုံးကို အကျိုးပြုနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုနိုင်သည့် စနစ်တစ်ရပ်ဖြစ်သည့် အတွက် ယုံကြည်မှုအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်၏ ဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေသည့် မူပိုင်ခွင့် အကာအကွယ်ပေးခြင်း စနစ်ကျင့်သုံးရာတွင် မိမိတို့ပါဝင် ဆောင်ရွက်နေသည့် အခန်းကဏ္ဍများမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မူပိုင်ခွင့်ဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ကိုလည်းကောင်း၊ ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမင်းမင်းက မူပိုင်ခွင့်ဆိုင်ရာ ဗဟို ကော်မတီ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ကော်မတီ တွဲဖက်အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဗဟိုကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်း အဝေးသို့ တင်ပြသည့် အမှာစာများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌဒုတိယ သမ္မတက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


