ခင်ဆွေမြင့် (မြန်မာစာ)
(ယမန်နေ့မှအဆက်)
ရဲမက်တစ်ဦး၏ ပါရမီဖြည့်ဖက်ဘဝ
ပဲခူးမိဖုရားသည် မောင်တော်မင်းသားနှင့် လက်ထပ်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ရာတွင်ပင် နန္ဒမင်းသားသည် ခက်ခဲလှသော မြို့သိမ်းတိုက်ပွဲ တစ်ခုကို ပြိုင်ဘက်ကင်းစွာ တိုက်ခိုက်အောင်မြင် ပြီး ဆယ်လကြာသောအခါတွင်မှ မင်္ဂလာဆောင်နှင်းခဲ့ရပါသည်။ ဤသည့်အကြောင်းကို ‘‘ညိုညို စင်လျှင်’’ ချီ စစ်ချီမောင်ဘွဲ့ ချစ်ရတုတွင်
‘‘ဓားခွင်လေးပွဲ၊ မြို့ခက်ခဲလည်း၊
ဘက်ရှဲစလှ၊ ပွဲသာရ၍၊
သည်ပတုံပေ၊ ဇာတိနေသား၊
သန္ဓေယူထိုက်၊ ဆယ်လပိုက်မှ၊
မိဘချင်းချင်း၊ သက်ရာနှင်း၍၊
ဆောင်နှင်းအံ့ပေ’’ ဟူ၍ ဖော်ပြခဲ့ပါသည်။
စုလျားရစ်ပတ် လက်ထပ်ပြီးပြီးချင်းမှာပင်လည်း ‘‘ဇမ္ဗူကျွန်းချာ၊ ထီးရာများမင်း၊ ထွတ်မှန်ကင်း’’ ဖြစ်သော မင်းတရားကြီး၏ အမိန့်တော်ဖြင့် စစ်ရေးစစ်ရာအတွက်
‘‘ရပ်တစ်ကျွန်းသို့၊ ရွှင်လန်းဦးတည်၊ စုန်တော့မည်’’ ဖြစ်ခဲ့ပါကြောင်း-
‘‘အိမ်ရှေ့ရှင်ကို၊ မယ်ခင်နှမ၊ လွမ်းလိုက်လှ၏’’
ဟူ၍ လည်းကောင်း မိမိ၏ အထီးကျန်ရသော လွမ်းဘဝကို ဖွင့်ဟခဲ့ပါသည်။
ပဲခူးမိဖုရားသည် ကြင်ရာတော်အိမ်ရှေ့စံ စစ်ချီစစ်ထွက်ချိန်မှစပြီး ဥပုသ်သီလကို မပြတ် ဆောက်တည်ခဲ့သူ၊ ဘေးရန်ကင်းဝေးပြီး အောင်မြင်စေကြောင်း မပြတ်မညောင်း ဆုတောင်းခဲ့သူ၊ အောင်ပွဲများ အခွန်အတုတ်များသိမ်းယူပြီး ဖခမည်း တော် ဘုရင့်နောင်မင်းတရားကြီးနှင့်အတူ အမြန် ပြန်လာနိုင်စေကြောင်း ရွှေမော်ဓောစေတီတော်ကြီးကို ဦးတင်ရှိခိုးပြီး ဆုတောင်းဆုယူ ပြုနေခဲ့သူ ဖြစ်သည်။
‘‘ချီလေသည်က၊ စောင့်သီလနှင့်
နိစ္စမပြတ်၊ ရှစ်သောင်းထွတ်လျှင်
စိတ်ပြတ်မညောင်း၊ ဆုယူတောင်းလျက်
တစ်သောင်းမြန်ဘောင်၊ အုပ်စိုးဆောင်သည်
ရန်နောင်မင်းထုံး၊ ဘလက်ရုံးနှင့်
ကျွန်းလုံးပိုင်သ၊ တုတ်ခွန်ရ၍
တူကွသာရွှင်၊ သားမောင်ပင်ကို
ပြန်လျင်စေသော၊ မြတ်မော်ဓောဝယ်
သဘောကြည်နူး၊ တင်ရှိဦးသည်’’
ဟူ၍ ‘‘သတ္တတေဇာ’’ ချီရတုတွင် ဖွဲ့ဆိုထားပါ သည်။
‘‘စိတ်တူကြင်တင်’’ ချီရတုတွင် ဆောင်းလရောက်သည်ထိ စစ်ချီစစ်ထွက်ရာမှ ပြန်ရောက်မလာသော ရဲကျော်ရန်နှင်း၊ မျိုးသည်ရင်းဖြစ်သည့် မောင်တော်အတွက် ‘‘ပန်းလည်း လှိုင်လု၊ ရှိမ်းနု စိမ်းလက်၊ ညွန့်သစ်ထွက်သည်၊ ညောင်းရွက်ညှာ” ကြွေသော နွေဦးရာသီတွင် သင်းပျံ့မွှေးကြူသော မဉ္ဇူသကပန်းများကို ရနံ့မွှေးပျံ့သော မြူတာအိုးတွင် တင့်တယ်စွာ ထိုးစိုက်ပြီး ရှင်ဖြူရှင်လှဘုရား နှစ်ဆူတွင် တင်လှူပူဇော်ခဲ့ပါကြောင်း-
‘‘ကိုယ်တော်စားဟု၊ ပျံ့ရှားမွှေးကြူ
မဉ္ဇူကြိုင်ပွင့်၊ ပြစ်မျိုးလွင့်ကို
လှတင့်ရုံသာ၊ သင်းမြူတာနှင့်
ကြေညာပေါက်ပြ၊ ရှင်လှရှင်ဖြူ
မြတ်နှစ်ဆူကို၊ ဆုယူကြည်စွာ
လွန်သဒ္ဓါ၍’’ဟု ဖွဲ့ဆိုခဲ့ပါသည်။
ဤအဖွဲ့များသည် ပဲခူးမိဖုရား၏ အိမ်ဦးနတ်ဖြစ်သော ခင်ပွန်းသည်အပေါ်၌ ထားရှိသော ချစ်ခြင်းမေတ္တာနှင့် ဗုဒ္ဓသာသနာကို ကိုးကွယ်ကြည်ညိုသူ မြန်မာအမျိုးသမီး အိမ်ထောင်ရှင်မတစ်ဦး၏ ဂုဏ်ကျက်သရေတို့ကို လေးမြတ်စွာ ဖော်ပြနေပါသည်။ ဥတုသုံးလီ၏ ကြည်နူးဖွယ်လွမ်းဖွယ် ရာသီဖွဲ့များနှင့် သိမ်မွေ့သော ကဗျာသုံးစကားလုံး အဖွဲ့အစပ်များကြောင့်လည်း သိင်္ဂါရရသနှင့် ကရုဏာရသများကို စွဲငြိခံစားရစေသော ရတုအဖွဲ့များ ဖြစ်ပါသည်။
နန္ဒဘုရင်သည် မင်းသားငယ်ဘဝကပင် စစ်ချီခရီးများ သွားခဲ့ရသည်။ စစ်ပွဲတိုက်ပွဲများ ဆင်နွှဲ ခဲ့ရသည်။ ဟံသာဝတီရွှေနန်းရှင် ဘုရင်အဖြစ်သို့ ရောက်ရှိခဲ့ပြီးသည့်နောက်တွင်ပင် ယိုးဒယား (ထိုင်းနိုင်ငံ) သို့ ငါးကြိမ်စစ်ချီခဲ့သည်။ သားသမီးများရလာပြီဖြစ်သောအခါတွင်လည်း ပဲခူးမိဖုရား သည် သားကိုပွေ့ပိုက်ရင်း ချစ်သူမောင်တော်အတွက် အိပ်စက်၍ မပျော်နိုင်ဖြစ်ခဲ့သည်။
‘‘အိမ်နေမယ်နှင့်၊ သားမျက်ပွင့်လည်း
မျှော်လင့်သည်သာ၊ မျက်စိရှာစွ
ကြေညာဝန်းကျင်၊ တန်ခိုးထင်သား
ရှင်ပင်ရုပ်တူ၊ ဖြည့်တော်မူလော့’’
စသောအဖွဲ့များသည် ဖခမည်းတော်ကို မျှော်လင့်တကြီး ရှာဖွေနေသော သားငယ်နှင့် စစ်ထွက်သူ အတွက် ပူပင်သောကများဖြင့် လောင်မြိုက်နေသော အိမ်သူမယ်တို့အား သနားစာနာဖွယ် သိမြင် ခဲ့ရပါသည်။
အိမ်ရှေ့စံဘဝကပင် စစ်ထွက်သူမောင်တော်အတွက် ပူပန်နေခဲ့သော ပဲခူးမိဖုရားသည် မိဖုရားခေါင်ကြီးဘဝတွင် ကြင်ရာတော် အရှင်သခင် အတွက်သာမက စစ်ချီစစ်ထွက်သွားသော သားတော်များ၊ တူတော်များအတွက်ပါ ပူပန်သောက ဖြစ်ခဲ့ရပါသည်။
‘‘ရွက်လျှံပွင့်တွေ၊ နွေကဖူးဆင့်
ခါချိန်သင့်လည်း၊ ပျံ့လွင့်ကြိုင်ရှား
စကားရွှေဝါ၊ ပန်းကလျာနှင့်
မြေတာဝန်းထောက်၊ မရောက်လေတတ်
သုံးလူ့ထွတ်ကို၊ ရိုညွတ်ကြည်လင်
ရည်၍တင်’’
နေခဲ့ရရှာသော စာဆိုမိဖုရား၏ သောကနှင့် ဘဝကို ထိတွေ့ခံစားကြရပါသည်။
စာပေထဲက မိန်းမလှဘဝ
ချစ်ဖွယ်၊ လွမ်းဖွယ်၊ ကြည်နူးဖွယ်ရှိလှသော ရတုကဗျာများစွာကို ဖန်တီးဖွဲ့ဆိုခဲ့သော မိဖုရား ကြီးသည် မိမိ၏ ကြင်ရာတော်ချစ်ခင်ပွန်းကို နှစ်နှစ် ကာကာ ချစ်ခင်မြတ်နိုးသူဖြစ်ပါသည်။ အခြား အခြားသော မိန်းမသား အိမ်ရှင်မများကဲ့သို့ပင် ခင်ပွန်းသည်ကို မိမိတစ်ဦးတည်းအပေါ်တွင်သာ မေတ္တာသက်ဝင် ချစ်ခင်စေလိုသူဖြစ်ပါသည်။ သို့ရာတွင် သာမန်ယောကျ်ားသားများသည်ပင်လျှင် ကျွေးနိုင်၊ ပေးနိုင်၊ ငွေကြေးတတ်နိုင်လျှင် ဇနီး မယားများစွာ ထားရှိတတ်ကြသော ရှေးမြန်မာ့ လူ့အဖွဲ့အစည်းတွင် ဩဇာ၊ အာဏာ၊ ဥစ္စာဓန ချမ်းသာကြွယ်ဝကြသော မြန်မာ့ရွှေနန်းတော် လောကမှ မင်းညီမင်းသားများသည် ‘‘ယောကျ်ားကောင်း မောင်းမတစ်ထောင်’’ ဘဝကို ကျေနပ် အားရ အသားကျနေကြမည် ဖြစ်ပါသည်။ ဘုရင်မင်းမြတ်များနှင့် မင်းညီမင်းသားများအဖို့ မိဖုရားများ မောင်းမများ များစွာထားရှိခြင်းသည် မည်သို့မျှ မထူးခြား မဆန်းပြားသော ထမင်းစား ရေသောက် ကိစ္စမျှလောက်သာ ဖြစ်ဟန်ရှိပါသည်။
မိန်းမသားများအဖို့မှာမူ အိမ်ထောင်သားမွေး ပြုရခြင်းသည် မိမိ၏မိသားစု၊ မိမိ၏ မိဘဆွေမျိုး ဉာတကာ၊ မိမိ၏ဘဝတစ်သက်တာ၊ မိမိ၏ သံသရာ အကျိုးစီးပွား စသည်များစွာကို ရင်းနှီးကြရသော ကြီးမားလှသည့် ရင်းနှီးမြှုပ်နှံမှုကြီး ဖြစ်နေပါသည်။
မောင်တော်နန္ဒဘုရင်က အစ်မတော်ပဲခူးမိဖုရားအပေါ် ထားရှိသော မိမိ၏ ချစ်ခြင်းမေတ္တာသည် ဖောက်ပြန်သွေဖည်ရန် မရှိကြောင်း သစ္စာကျိန်ဆိုခဲ့သော်လည်း ‘‘သစ္စာယွင်းနှောင့်၊ သွေသူကြောင့် ပင်” စာဆိုမိဖုရားသည် ‘‘စိတ်ဖြောင့်ဖြေဖျော်၊ နေမပျော်ခဲ့” ရပါကြောင်း၊ မိမိ၏ ခံစားနေရမှုကို ဖွင့်ဆိုခဲ့သည်။ ‘‘လှည့်လည်ထွေသာ၊ နှုတ်ပျူဟာနှင့်၊ မာယာလှည့်ပတ်၊ လှည့်စားတတ်’’သော မောင်တော် သည် မမှန်စကားများကြောင့် ဝန်လေးရမည့်သူ ဟူ၍လည်း ကြိမ်းလိုက်ပါသေးသည်။
‘‘ထွေပြားလိမ်းကျံ၊ နှုတ်ပေါ်လျှံနှင့်
ရဲစံရှင့်သား၊ ဖွတ်လျှာဝါး၍
တရားမလျော်၊ စိတ်လျှပ်ပေါ်သည်
မတော်သူ့ဝန်လေးလိမ့်မည်’’ ဟု ပြောခဲ့သည်။
‘‘နှစ်ကြံဖောက်လှဲ၊ နောင်မြခဲကား
ငရဲဌာန၊ အပါယ်ကျလိမ့်’’ဟူ၍လည်း စိတ်နာနာ နှင့် ဆိုခဲ့သည်။
ဒါန၊ သီလတွင်တည်သော မိမိမှာမူ ဗောဓိပင် ရင်းမှ ရောင်ခြည်တော်ကွန့်မြူးနေသော ဓာတ်တော် စုများကို ဖူးမြော်ရမည့် မြတ်သောသူဖြစ်ကြောင်း-
‘‘သီလဆောက်တည်၊ မယ့်ကျင့်ရည်မူ
ရောင်ခြည်လျှံဝင်း၊ ဗောဓိရင်း၌
လင်းလင်းရောင်ဝှန်၊ ရောင်တော်ပြန်ဝယ်
နိဗ္ဗာန်သခင်၊ အရှင်စတေ
ဓာတ်ပေါင်းမွေကို၊ ရုံးစေရဲရဲ
အံ့အဲမနိုင်၊ ထွန်းရောင်ပြိုင်သည်
အစိုင်ခဲလျှင် လုံးတော့သည် ’’ ဟူ၍လည်း ထေ့ငေါ့ဖွဲ့ဆိုခဲ့သေးသည်။
မောင်တော့်အပါး ဝန်းရံနေကြသော မိဖုရားငယ်များ၊ မောင်းမမိဿံများ စသူတို့သည်လည်း ငါ့ကိုမူ ချစ်မြတ်နိုးလိမ့်မည်ဟူသော အထင်မျိုးနှင့် မျှော်ရည်တမ်းတမောနေကြရမည်ကို တွေးမြင် မိဟန်လည်းရှိခဲ့သည်။ သို့ဖြင့် ကတိမတည်သော၊ စကားသစ္စာမမှန်သော မောင်တော်ဘုရားသည် မယ့်ကိုပစ်ခွာပြီး အခြားသော မိန်းမသားများနှင့် တွေ့လျှင်လည်း သည်သို့ပင်စကား ဖြစ်သည်ဆိုရုံမျှသော ချစ်မုသားစကားများကို ဆိုဦးမည်ဖြစ်ကြောင်းကို
‘‘မယ်နှင့်ခွာ၍၊ သူနှင့်တွေ့မူ
သူ့ရှေ့မှာလည်း၊ သည့်နှယ်ချည်းတည့်
ရည်းရတတ်ဆန်း၊ တန်းတန်းမဖြောင့်
သို့သော်ကြောင့်လျှင်၊ စိုးနှောင့်လောင်ဆာ
နေ့လှည့်ရာကို’’ ဟူ၍ သရော်သံဖြင့် ဖွဲ့ဆိုခဲ့ပါသေးသည်။
မောင်တော် နန္ဒဘုရင်၏ ထင်ရှားလှသော ကုသိုလ်တော်ဖြစ်သည့် ဘုရားငါးဆူရုပ်တုတော် များတွင်မူ ပန်းပေါက်ပေါက်များ ဆက်ကပ်ပူဇော်ပြီး မိမိ၏ အမေ့ခံဘဝနှင့် မောင်တော်၏ ‘‘ချစ်၏သို့လျှင်၊ ကြင်၏သို့ဟန်၊ တည်မမှန်’’ ခဲ့သော အမူအကျင့် တို့ကို လျှောက်ထားခဲ့ပါကြောင်း
‘‘ညီနောင်ငါးထွေ၊ ငါးဆူမွေကို
ထိပ်ဗွေတင်မြှောက်၊ ကျွန်ုပ်လျှောက်အံ့
ပေါက်ပေါက်ရွှေတိုင်၊ လက်လှကိုင်၍’’ ဟူ၍ တင်ပြခဲ့သည်။
‘‘ဆွေသည်နှစ်စုံ၊ သူ့ကြေးမုံဟု
ရိပ်မြုံသူနှင့်၊ သူ့မျက်ပွင့်ကို
ချစ်ခွင့်ဟန်ကား၊ မှားဖူးသော်လည်း
နောင်သော်ဝိပါက်၊ မဆက်ချင်ပြီ
နောင်ညီငါးပါး၊ ဖြည့်စေသားဟု
ဖြူထွားပေါက်ပေါက်၊ လျှံတောက်ဝင်းပြောင်
မြတ်ဘုန်းခေါင်ဝယ်၊ မျိုးမောင်မင်းခြေ
ကျင့်သောထွေကို၊ လျှောက်ပေလှာရ’’ ဟူ၍လည်း ချစ်ခွင့်မှားခဲ့သော မိမိအနေဖြင့် နောင် သံသရာဘဝများတွင် မောင်တော်ဘုရားနှင့် ပြန်လည်၍ မဆက်သွယ်၊ မဆုံဆည်းလိုသော ဆန္ဒများကို ညီနောင်ငါးပါးမြတ်ဘုရားငါးဆူက ဖြည့်ဆည်းပေးပါရန် သနားကရုဏာသက်ဖွယ် ရေးခြယ်ခဲ့ပါသည်။
ပဲခူးမိဖုရားသည် အချစ်အလွမ်းဆိုင်ရာ ကိုယ်ရေးကိုယ်တာခံစားမှုဝေဒနာများကို ဖွင့်ဟ တင်ပြသော စာပေအမျိုးအစားဖြစ်သည့် ရတုကဗျာ များစွာကို ရသမြောက်စွာ ဖန်တီးနိုင်စွမ်းရှိခဲ့သူ ဖြစ်သည်။ ရတုကဗျာများကို ဖွဲ့ဆိုရာတွင်လည်း မိမိ၏ခံစားမှုများကို သာမန်ဖွင့်ဟ တင်ပြရုံ၊ ကာရန် အစပ်အဟပ်များ ချိတ်ဆက်မိနိုင်ရုံ၊ ကဗျာသုံး စကားလုံးများသုံးစွဲရုံ၊ အလင်္ကာများဖြင့် တန်ဆာ ဆင်ရုံ၊ အချီညီ အချညီရုံမျှသာ မဟုတ်။ အဆုံး သတ်အချနှင့် အစချီနောက်အပိုဒ်တို့ ချိတ်ဆက်ဖွဲ့ဆိုသော အချီမညီ အချညီအဖွဲ့များ၊ စံပယ်ချီ စံပယ်ချ စပ်နည်းအဖွဲ့များကိုလည်း စမ်းသပ်တီထွင် ဖွဲ့ဆို ခဲ့သည်ကို တွေ့ရှိရပါသည်။
‘‘အရဲနဂို’’ ချီရတုတွင် -
အပိုဒ် ၁။ ‘‘အရဲနဂို’’ ဟူ၍ ချီပြီး ‘‘အခေါင် ထားမည်သူကိုမှ’’ ဟူ၍ ချသည်။
အပိုဒ် ၂။ ‘‘အခေါင်စံတည်’’ ဟူ၍ချီပြီး ‘‘မရှောင် ရှားမည်သူကိုမှ’’ ဟူ၍ ချသည်။
အပိုဒ် ၃။ ‘‘မရှောင်ရှားလေ’’ ဟူ၍ချီပြီး ‘‘အပြောင်များမည်သူကိုမှ’’ ဟူ၍ ချသည်တို့ကို ထောက်ဆ သိရှိနိုင်ပါသည်။
ပဲခူးမိဖုရားသည် ဗုဒ္ဓဘာသာဝင် အိမ်ထောင် ရှင်မတစ်ဦးအနေဖြင့် ဇနီးကောင်းပီသသူဖြစ်သည်။ နိုင်ငံ၏ တိုက်ပွဲအောင်ပွဲများ အနိုင်ရရှိရေး၊ ခင်ပွန်းသည်နှင့် သားတော်သမီးတော်များ ဘေးရန် အန္တရာယ်ကင်းစင်ရေး၊ ဘဝအောင်မြင်ရေးများ အတွက် ကုသိုလ်ကောင်းမှု ပြုပေးခြင်းများဖြင့် ဖြည့်ဆည်းပေးခဲ့သူဖြစ်သည်။ ရတနာသုံးပါးကို အလေးအမြတ်ထား၍ ကြည်ညိုရိုသေသူ၊ အထက် တန်းစား မြန်မာအမျိုးသမီး မိဖုရားကြီးလည်း ဖြစ်သည်။ စာပေအနုပညာရပ်များကိုလည်း ရသမြောက်စွာ လှပစွာဖန်တီးနိုင်စွမ်းရှိသည့် တန်ဖိုး ထားအပ်သော မြန်မာ့ရွှေနန်းတော်ရပ်ဝန်းမှ ကျက်သရေရှိလှသော စာတတ်ပေတတ် မြန်မာ မိဖုရားကြီးတစ်ပါးလည်း ဖြစ်ပါသည်။
ယင်းသို့သော မြန်မာအမျိုးသမီးကြီးသည် ဖရိုဖရဲ ပြိုကွဲနေကြပြီး တစ်ဗိုလ်တစ်မင်းကြီးစိုးနေကြသောနိုင်ငံ၊ အာဏာရမ္မက်ကြောင့် စည်းလုံး ညီညွတ်မှုပျက်ပြားလျက်ရှိသောနိုင်ငံ၊ နိုင်ငံတော် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အသက်သွေးချွေးများစွာကို ပေးဆပ်နေကြရသော နိုင်ငံတွင် အသက်ရှင်ရပ်တည်ခဲ့ရသူဖြစ်သည်။
ဖခမည်းတော်အတွက်၊ ကြင်ရာတော်ခင်ပွန်း သည်အတွက်၊ သားတော်သမီးတော် ဆွေတော် မျိုးတော်များအတွက်၊ မိမိအတွက် တစ်သက်တာပတ်လုံး ပူလောင်ပင်ပန်းခဲ့ရသူဖြစ်ပါသည်။
ရာဇမာန် ယောက်ျားမာန်များဖြင့် အမျိုးသမီး များအပေါ်၌ အိမ်ထောင်မှုအခွင့်အရေးကို လွန်ကဲစွာ ယူတတ်ကြသော လူမှုဆက်ဆံရေးဝန်းကျင်တွင် အသက်ရှင်ဖြတ်သန်းခဲ့ရသူလည်း ဖြစ်ပါသည်။
ဤသို့သော ကရုဏာသက်ဖွယ်ရာသော ဘဝ၊ လေးမြတ်ဖွယ်ရာသော ဂုဏ်ရည်များနှင့် ပြည့်စုံသော ပဲခူးမိဖုရားကြီး၏ ဘဝပုံရိပ် စာပေပုံရိပ်ကို ရေးခြယ်တင်ပြခြင်းဖြင့် မိဖုရားကြီးအား လေးစားစွာ ဂါရဝပြုအပ်ပါသည်ရှင် .......
စာညွှန်း
၁။ မြန်မာစာညွန့်ပေါင်းကျမ်း - ပဉ္စမတွဲ
၂။ မှန်နန်းရာဇဝင်တော်ကြီး
၃။ အမျိုးသမီးစာဆိုလောကနှင့် ဘဝကြေးမုံ (ပါမောက္ခ ဒေါ်မိမိလေး)
၄။ အမျိုးသမီးအနုပညာရှင်များ(ဒဂုန်ခင်ခင်လေး)


