နေပြည်တော် ဇူလိုင် ၂
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ပဲခူးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အားကစား ဥယျာဉ်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများနှင့် Football for School အစီအစဉ်ဖြင့် အားကစားနည်းအလိုက် သင်တန်းသား သင်တန်းသူများ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ Football for School အစီအစဉ်အဖြစ် အခြေခံဘောလုံး အားကစားသင်တန်း၊ အခြေခံ လက်ဝှေ့အားကစား သင်တန်း၊ အခြေခံကရာတေး အားကစား သင်တန်းတို့တွင် အားကစား နည်းစနစ်များ စနစ်တကျ လေ့ကျင့်သင်ကြားပေးနေမှုကို လိုက်လံကြည့်ရှု အားပေးပြီး သင်တန်းသားများအတွက် အားကစားပစ္စည်းများနှင့် အင်အားဖြည့် Royal-D အချိုရည်များကို ထောက်ပံ့ပေးအပ်သည်။
ကြည့်ရှုအားပေး
ထို့နောက် ဝေါမြို့နယ် အားကစားကွင်း/ အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝေါမြို့နယ်အားကစားကွင်း၌ ကျင်းပသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလား အမျိုးသား(အလွတ်)တန်း ဘောလုံးပြိုင်ပွဲတွင် ကျိုက်လှ အသင်းနှင့် နောင်ပတ္တရာအသင်း တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


